ပြည်တွင်းသတင်းများ

မန္တလေးဈေးကွက် ရောင်းဝယ်မှုအခြေအနေ

မန္တလေးဈေးကွက်တွင် ပဲစျေးနှုန်းများအနေဖြင့် မတ်ပဲသီးနှံမှာ အိန္ဒိယမှဝယ်ယူမည်ဆိုသည့်သတင်းကြောင့် အရောင်းအဝယ် သွက်ကာ ယခင်တစ်ပတ် (၃) တင်း တစ်အိတ်လျှင် ပျမ်းမျှ ၉၉,၀၀၀ ကျပ်မှ ယခုတစ်ပတ် ၁၀၇,၅၀၀ ကျပ်ထိ ဈေးမြင့်လာသည်ကို တွေ့ရပါသည်။ ပဲတီစိမ်း (အညာ) မှာ အထွက်နည်းအဝင်နည်းပြီး တရုတ်သို့လည်း တင်ပို့မှုရှိသောကြောင့် ဈေးမြင့်နေကြောင်း သိရှိရပါသည်။ စားတော်ပဲတင်သွင်းမှု ရပ်တန့်သွားသောကြောင့် ပဲခွဲစက် များမှ ကုလားပဲသီးနှံကို ပိုမိုဝယ်ယူလာခြင်းကြောင့် ဈေးမြင့်လာကြောင်းသိရှိရပါသည်။ မိုးမြေပဲဆန်အသစ်များ ဝင်ရောက်မှုရှိခြင်း၊ ပြည်တွင်းဝယ်လိုအားလည်း နည်းခြင်း၊ တရုတ်မှ လည်း အဆွဲနည်းခြင်းကြောင့် လုံးဆန်နှင့် ဆီဆန်ဈေးနှုန်းများ ကျနေသည်ကိုတွေ့ရပါသည်။ နှမ်းသီးနှံအနေဖြင့် ယခုနှစ် မိုးခေါင်ခြင်းကြောင့် အထွက်နည်းအဝင်နည်းခြင်း၊ တရုတ်မှလည်း ပုံမှန်ဝယ်ယူမှု ရှိခြင်းကြောင့် ယခုတစ်ပတ် နှမ်းရောင်စုံ ဈေးမြင့်နေကြောင်း သိရှိရပါသည်။ အစေ့ထုတ်ပြောင်းကို ထိုင်းသို့ တင်ပို့မှုမရှိခြင်း၊ အသစ်များလည်း ဝင်ရောက်လျှက် ရှိသော ကြောင့် ယခင်တစ်ပတ် (၅၄) ပိဿာလျှင် ပျမ်းမျှ  ၂၂,၂၅၀ ကျပ်မှ ယခုတစ်ပတ် ၂၁,၇၆၇ ကျပ်သို့ ဈေးနှုန်းကျလာကြောင်း တွေ့ရသည်။

စားဖိုဆောင်သီးနှံအနေဖြင့် ကြက်သွန်နီကို ယခုတစ်ပတ် တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်မှ အဝယ်လိုက်လာခြင်းကြောင့် အကြီးတစ်ပိဿာလျှင် ပျမ်းမျှ ၁,၁၀၀ ကျပ်၊ အလတ်စမှာ ၁,၀၀၀ ကျပ်၊ အသေးစမှာ ၉၀၀ ကျပ်အထိ ဈေးနှုန်းမြင့်လာကြောင်း သိရှိရပါသည်။ ကြက်သွန်ဖြူ (ကြူကုတ်) မှာ ရန်ကုန်သို့ အဝင်နည်းခြင်းကြောင့် မန္တလေးဈေးကွက်သို့ ပစ္စည်းအဝင်များပြီး ဝယ်လိုအား နည်းခြင်းကြောင့် တစ်ပိဿာလျှင်ပျမ်းမျှ ၁,၇၅၀ ကျပ်ဈေးရှိကြောင်း သိရှိရပါသည်။ မြေပြန့် ကြက်သွန်ဖြူမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အဝင်နည်းကာ တစ်ပိဿာလျှင် ပျမ်းမျှ ၂,၅၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းတွေ့ရသည်။ အောင်ပန်းအာလူး များမှာ အဝင်နည်းသွားပြီး ဈေးကွက်တွင် တရုတ်အာလူးများသာ တစ်ပိဿာလျှင် ၈၀၀-၈၅၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

ဟင်းသီးဟင်းရွက်ဈေးနှုန်းအနေဖြင့် အင်းခရမ်းချဉ်မှာ ပုံမှန်ဝင်ရောက်လျှက်ရှိသော်လည်း ဈေးမြင့်သဖြင့် ဝယ်ယူစားသုံးမှုနည်းခြင်းကြောင့် ယခုတစ်ပတ်တစ်သေတ္တာလျှင်ပျမ်းမျှ ၃၁,၀၀၀ ကျပ်ထိ ဈေးနှုန်းကျလာကြောင်း သိရှိရပါသည်။ စားပြောင်းများ ဈေးကွက်သို့ အဝင်များပြီး အရောင်းအဝယ်အေးသောကြောင့် အဖူး (၁၀၀) လျှင်ပျမ်းမျှ ၈,၅၀၀ ကျပ်ထိ ဈေးနှုန်းကျလာ ကြောင်း တွေ့ရသည်။ ဂေါ်ရခါးသီးများလည်းတောင်ကြီးနှင့် ပြင်ဦးလွင်ဒေသမှ အဝင်များ လာခြင်းကြောင့် (၁၀) လုံးလျှင် ပျမ်းမျှ  ၅၅၀ ကျပ်အထိ ဈေးနှုန်းကျလာကြောင်း သိရှိရပါသည်။

သစ်သီးဝလံအနေဖြင့် ကမ္ဗလာသီးများ ဈေးကွက်သို့ စတင်ဝင်ရောက်လျှက်ရှိပြီး ယခု တစ်ပတ် ပိဿာ (၁၀၀) လျှင် ပျမ်းမျှ ၅၀,၀၀၀ ကျပ်ဈေးရှိပါသည်။ ထောပတ်သီးများလည်း တဖြေးဖြေးအဝင်များလာခြင်းကြောင့် (၁၀) လုံးလျှင် ပျမ်းမျှ ၁,၇၅၀ ကျပ်ထိဈေးနှုန်းကျလာ ပါသည်။ တရုတ်ပန်းသီးများလည်း ယခုတစ်ပတ် အဝင်များလာခြင်းကြောင့် ဈေးနှုန်းကျလာ သည်ကို တွေ့ရပါသည်။

                                                                                                          ဆွေဇင်ညွန့်

မန္တလေးစျေးကွက်

Loading