ပြည်ပသတင်းများ

Brexit အကူးအပြောင်းကာလမပြီးဆုံးမီ ကုန်ပစ္စည်းများ အား စုဆောင်းထားရှိရန် ဆေးဝါးကုမ္ပဏီများအား ဗြိတိန် အစိုးရတိုက်တွန်း

ဗြိတိန်နိုင်ငံသည် အီးယူ၏ဘုံဈေးကွက်နှင့် အကောက်ခွန် သမဂ္ဂမှ ယခုနှစ် ဒီဇင်ဘာ လ ၃၁ ရက်နေ့တွင် ထွက်ခွာနိုင်ရေးပြင်ဆင်ဆောင်ရွက်လျက်ရှိရာ သွင်းကုန်အပိုင်းတွင် နှောင့်နှေးမှုရှိလာခဲ့ပါက အဆင်ပြေစေရန်အတွက် သီတင်းပတ် (၆) ပတ်စာ ဆေးဝါးကုန်စည် များကို အရန်အဖြစ် စုဆောင်းထားရှိရန် ဗြိတိန်အစိုးရက ဆေးဝါးကုမ္ပဏီများအား တိုက်တွန်း ထားကြောင်း သိရသည်။ ကမ္ဘာ့ထုတ်လုပ်မှုကွင်းဆက်သည် COVID-19 ကပ်ရောဂါကြောင့် ဖိအားများ ရှိနေသဖြင့် အရေးပေါ်အစီအမံများ၏ အဓိကအစိတ်အပိုင်းတစ်ရပ်အဖြစ် ဆေးဝါး ကုမ္ပဏီများအား ကုန်ပစ္စည်းများကိုအရန် စုဆောင်းထားရှိရန် တိုက်တွန်းထားခြင်းဖြစ်သည်ဟု ဗြိတိန်၏ ကျန်းမာရေးဝန်ကြီးဌာနက ဆေးဝါး ကုမ္ပဏီများသို့ ပေးပို့သည့် အကြောင်းကြားစာ တွင် ဖော်ပြထားကြောင်း သိရသည်။

ဗြိတိန်နိုင်ငံနှင့် အီးယူတို့သည် ဗြိတိန်ခွဲထွက်မှုအလွန်ကာလအတွက် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်အား ညှိနှိုင်းဆွေးနွေးနေပြီး၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ တွင် ကုန်ဆုံးမည့် သတ်မှတ်ရက်မတိုင်မီ သဘောတူညီမှုရရှိနိုင်ခြင်း ရှိ/မရှိဆိုသည်မှာ ရှင်းရှင်း လင်းလင်းမသိရသေးသည့် အခြေအနေဖြစ်သည်။ လက်ရှိဖြစ်ပွားနေဆဲ ကပ်ရောဂါအခြေအနေ၊ ဗြိတိန်နိုင်ငံ၏ အမျိုးသားကျန်းမာရေးဌာန (National Health Service-NHS) ၏ လုပ်ငန်းရပ် များအား တဖြည်းဖြည်းချင်းပြန်လည်ဆောင်ရွက်နေမှုနှင့် ဆောင်းရာသီတွင် ရာသီတုပ်ကွေး ဖြစ်ပွားမှုကဲ့သို့သော ဖိအားများ ရှိလာနိုင်မှုတို့ကြောင့် Brexit  အကူးအပြောင်းကာလမကုန်ဆုံးမီ ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရ၏ အကြောင်းကြားစာက ဆိုသည်။

လူနာများအား ဆေးဝါးကုသစောင့်ရှောက်မှု ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် ဆေးဝါးကုမ္ပဏီများအနေဖြင့် နှောင့်နှေးနိုင်ဖွယ်ရှိသည့် ကုန်စည်သယ်ယူပို့ဆောင်မှုလမ်းကြောင်း များကို ရှောင်လွှဲနိုင်စေရန် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း၊ ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ထောက်ပံ့သယ်ယူပို့ဆောင်ရေးအစီအစဉ်များကို ပြန်လည်သုံးသပ်ရန် ဗြိတိန်အစိုးရက တိုက်တွန်း ထားကြောင်း သိရသည်။ ဆေးဝါးကုမ္ပဏီများ၏ ကြိုတင်ပြင်ဆင်မှု အစီအမံများနှင့်ပတ်သက်၍ လိုအပ်သလို အကူအညီပေးသွားရန် အဆင်သင့်ရှိသည်ဟု ဗြိတိန်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားခဲ့ကြောင်းလည်း သိရသည်။

ရင်းမြစ် –  (Euractiv)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading