ပြည်ပသတင်းများ

SMEs လုပ်ငန်းများအတွက် ထောက်ပံ့ပေးနိုင်ရန် ယူရို ၁၄၂.၅ သန်း တန်ဖိုးရှိ ချေးငွေဆိုင်ရာ သဘောတူညီချက်ကို ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ်နှင့် ခရိုအေးရှား ပြန်လည်တည် ဆောက်ရေးနှင့် ဖွံ့ဖြိုးမှုဘဏ်တို့အကြား လက်မှတ်ရေးထိုး ခဲ့ခြင်း

ခရိုအေးရှားနိုင်ငံ၏ SMEs လုပ်ငန်းများအား အကူအညီ ပေးရန်အတွက် ယူရို ၁၄၂ ဒသမ ၅ သန်း တန်ဖိုးရှိ ချေးငွေဆိုင်ရာသဘောတူညီချက်ကို ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ်နှင့် ခရိုအေးရှားပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးမှုဘဏ်တို့အကြား လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါသဘောတူညီချက်သည် ယူရိုသန်း (၄၀၀) တန်ဖိုးရှိ ချေးငွေအကူအညီအစီအစဉ်၏ ဒုတိယ အသုတ် ချေးငွေဖြစ်ပြီး၊ အထူးသဖြင့် လူငယ်အလုပ်အကိုင်ဖန်တီးရေးကို အားပေးသည့်အနေ ဖြင့် လူငယ်များကို အလုပ်အကိုင်ပေးအပ်သည့် လုပ်ငန်းများအား ပိုမိုသက်သာသော ချေးငွေ ပေးအပ်သည့်အစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်သည်။ ယင်းချေးငွေ အစီအစဉ်သည် ဥရောပနှင့် ခရိုအေးရှားနိုင်ငံတို့၌ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အကြီးမားဆုံး စိန်ခေါ်မှုများ အနက် တစ်ခုဖြစ်သည့် လူငယ်အလုပ် လက်မဲ့ပြဿနာကို ဖြေရှင်းနိုင်ရေး ရည်ရွယ်ဆောင်ရွက် ခြင်းလည်းဖြစ်သည်။

ချေးငွေအစီအစဉ်သည် ငွေကြေးလည်ပတ်စီးဆင်းမှုနှင့် အလုပ်အကိုင်များကို ဆက်လက် ထိန်းထားနိုင်ရန်နှင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဖြစ်ပေါ်ခဲ့သည့် စီးပွားရေးအကျိုးဆက် များမှ မြန်ဆန်စွာပြန်လည်နိုးထနိုင်ရေး ထပ်မံရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် လိုအပ်နေသည့်အသေးစား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) အတွက် ရည်ရွယ်ပေးအပ်ခြင်းဖြစ်သည်ဟုဆို သည်။ ပြီးခဲ့သည့် မတ်လအတွင်းက ခရိုအေးရှားနိုင်ငံ၏ SMEs လုပ်ငန်းများနှင့် mid-caps များ အတွက် ယူရို (၂၄၀) သန်းတန်ဖိုးရှိ ချေးငွေကို သဘောတူညီခဲ့ပြီးနောက် ယခုအခါ ဒုတိယ အကြိမ် ချေးငွေ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ဥရောပရင်းနှီးမြှုပ်နှံမှု ဘဏ်အနေဖြင့် လက်ရှိအချိန်ထိ ခရိုအေးရှားနိုင်ငံ စီးပွားရေး၏ အရေးအကြီးဆုံးကဏ္ဍများတွင် ယူရို ၆ ဒသမ ၇၁ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး ခရိုအေးရှားနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် ပံ့ပိုးကူညီပေးထားကြောင်း၊ ခရိုအေးရှားနိုင်ငံ၏ SMEs လုပ်ငန်းများအတွက် ဘဏ္ဍာရေးအရင်းအမြစ် အသစ်များမှတစ်ဆင့် ပံ့ပိုးကူညီမှုမှာ ယူရို ၃ ဒသမ ၇၅ ဘီလီယံနီးပါး ရှိပြီဖြစ်ကြောင်း သိရသည်။

ရင်းမြစ် –  (Croatiaweek)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading