ပြည်ပသတင်းများ

ဘယ်လ်ဂျီယံနိုင်ငံရှိ Non-essential shops များအား ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သော်လည်း အခြားကန့်သတ်ချက် အစီအမံများအား ဇန်နဝါရီလလယ်အထိ ဆက်လက်တိုးမြှင့် ထားခြင်း

ဘယ်လ်ဂျီယံနိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု များကို ထိန်းချုပ်နိုင်ရေး အတွက် လက်ရှိပြဋ္ဌာန်းထားသည့် အသွားအလာကန့်သတ်မှုအစီအမံများအား ပြန်လည်ချိန်ညှိ ခြင်းကို ဆောင်ရွက်ခဲ့ပြီး၊ ဘယ်လ်ဂျီယံနိုင်ငံ၏ အခြေအနေသည် ပြီးခဲ့သည့်သီတင်းပတ် အနည်း ငယ်ကထက် ပိုမိုကောင်းမွန်လာခဲ့ပြီဖြစ်ကြောင်းနှင့် အလွန်အန္တရာယ်ရှိသည့် အခြေအနေကို ပြောင်းလဲနိုင်ရန်စီမံ ဆောင်ရွက်ထားရှိကြောင်း ဘယ်လ်ဂျီယံနိုင်ငံဝန်ကြီးချုပ် Alexander De Croo က ပြောကြားခဲ့သည်။

Non-essential shops များအားလုံးကို ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်၍ ပြန်လည် ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်သော်လည်း ထိုသို့ဖွင့်လှစ်ရာတွင် တာဝန်ယူမှုရှိစွာဖြင့် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ Fun-shopping ကို ခွင့်မပြုကြောင်းနှင့် ဈေးဝယ်သူများအနေဖြင့် တစ်ဦးတည်းသာ လာရောက်၍ ဈေးဆိုင်၌ ကြာမြင့်ချိန် အများဆုံးမိနစ် (၃၀) အထိသာ ဝယ်ယူ ခွင့်ပြုမည်ဖြစ်ကြောင်း၊ အခြေခံစည်းမျဉ်းများအားလုံးကို လိုက်နာသွားရမည်ဖြစ်ကြောင်း၊ ဘေးကင်း လုံခြုံမှုသေချာစေရေးအတွက် ကုန်သည်လုပ်ငန်းရှင်များနှင့် ဈေးဆိုင်ပိုင်ရှင်များသည် မြို့တော် များနှင့် မြူနီစီပယ်အလိုက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

အခြားသော ကန့်သတ်ချက်အစီအမံများကို ထပ်မံဖြေလျှော့ပေးသွားရန်မှာ လာမည့် နှစ် ဇန်နဝါရီလလယ် မတိုင်မီကာလအထိ မဖြစ်နိုင်သေးသဖြင့် ဘားဆိုင်များ၊ စားသောက်ဆိုင် များနှင့် ဧည့်ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍရှိ အခြားစီးပွားရေးလုပ်ငန်းများသည် အနည်းဆုံး ဇန်နဝါရီ လ ၁၅ ရက်နေ့အထိ ဆက်လက်ပိတ်ထားရမည်ဖြစ်သည်။ အလားတူ အလှပြင်ဆိုင်များ၊ ဆံသ ဆိုင်များကဲ့သို့သော လုပ်ငန်းများသည်လည်း ပိတ်ထားရမည်ဖြစ်သည်ဟုဆိုသည်။ လက်ရှိ ကန့်သတ်ချက်များဖြစ်သည့် ဖလန်းဒါးဒေသ၌ ညသန်းခေါင်ယံအချိန်မှ နံနက် (၅) နာရီအချိန် အတွင်း ညမထွက်ရအမိန့်၊ ဝေါ်လိုနီးယားနှင့် ဘရပ်ဆဲလ်မြို့တော်ဒေသတို့၌ ည (၁၀) နာရီ အချိန်မှ နံနက် (၆) နာရီအချိန်အတွင်း ညမထွက်ရ အမိန့်တို့ကို ဆက်လက်ထားရှိမည်ဖြစ်သည်။ အားလပ်ရက်အပန်းဖြေခြင်းအတွက် အနီရောင်ဇုန်များသို့ ခရီးသွားလာခြင်းကို အားမပေး ကြောင်း ဘယ်လ်ဂျီယံနိုင်ငံအစိုးရ၏ ကြေညာချက်များအရ သိရသည်။

ရင်းမြစ် –  (ဘရပ်ဆဲလ်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading