ပြည်ပသတင်းများ

ယူရိုဇုန်၏ စီးပွားရေးတိုးတက်မှု အလားအလာအပေါ် ရိုက်ခတ်နိုင်သည့် သက်ရောက်မှုများအား အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့မှ သတိပေးထားခြင်း

လာမည့်လများအတွင်း ဥရောပ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုင်ရာအခြေအနေများသည် သိသာသော ပြောင်းလဲမှုများ မရှိခဲ့လျှင် ယူရိုဧရိယာ၏ စီးပွားရေးတိုးတက်မှုသည် ယခင်က ခန့်မှန်းထားသည်ထက် ပိုမိုအားနည်းဖွယ်ရှိနေကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund-IMF) က သတိပေးထားသည်။ ယူရိုဇုန်အနေဖြင့် ဘဏ္ဍာရေး နှင့် ငွေကြေးဆိုင်ရာ လှုံ့ဆော်မှုအစီအမံများ ထပ်မံလိုအပ်နိုင်ဖွယ်ရှိမှုကိုလည်း ၂၀၂၀ ပြည့်နှစ် အတွက် ယင်း၏ ထုတ်ပြန်ချက်တွင် IMF က ပြောကြားထားသည်။ အဖွဲ့ဝင် (၁၉) နိုင်ငံပါဝင် သည့် ယူရိုဇုန်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဒုတိယလှိုင်းကူးစက်မှုများဆက်လက်ဖြစ်ပွားနေသည့် အခြေအနေကြောင့် အသွားအလာကန့်သတ်မှုအစီအမံများ (lockdown) ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်နေရသဖြင့် စီးပွားရေးဆိုင်ရာ ယုံကြည်မှုအပေါ် ထိခိုက်မှုနှင့်အတူ ၎င်းဒေသ၏ စီးပွားရေးပြန်လည်နိုးထနိုင်မှုသည် ခြိမ်းခြောက်မှုခံနေရကြောင်း IMF က သတိပေးထားခြင်း ဖြစ်သည်။

ယခုနှစ်၏ တတိယသုံးလပတ်ကာလတွင် စီးပွားရေးတိုးတက်မှုသည် မျှော်မှန်းထား သည်ထက် အနည်းငယ် ပိုမိုကောင်းမွန်သည့် အခြေအနေရှိခဲ့ရာမှ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဒုတိယလှိုင်းရိုက်ခတ်မှုကြောင့် နောက်ဆုံးသုံးလပတ်တွင် ယူရိုဇုန်၏ စီးပွားရေးတိုးတက်မှု အားနည်းဖွယ်ရှိနေသည်။ ထို့ကြောင့် ယူရိုဇုန်၏ ကပ်ရောဂါအခြေအနေများ သိသာစွာပြောင်းလဲ တိုးတက်မှုမရှိခဲ့လျှင် လာမည့် ၂၀၂၁ ခုနှစ်၏ ပထမသုံးလပတ်တွင်လည်း ယူရိုဇုန်၏ စီးပွားရေး တိုးတက်မှုသည် ယခင်က ခန့်မှန်းထားသည်ထက် အားပျော့နိုင်သည်ဟု IMF က သတိပေးထား ခြင်းဖြစ်သည်။ ကာလရှည်ကြာ ကျန်းမာရေးအကျပ်အတည်းဖြစ်ပေါ်နေမှုနှင့် စီးပွားရေးနိုးထမှု နှေးကွေးနေခြင်းသည် ပိုမိုကျပ်တည်းသည့် ဘဏ္ဍာရေးအခြေအနေများနှင့် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍအပေါ် ထိခိုက်လွယ်သည့်အခြေအနေဆီသို့ ဦးတည်စေနိုင်ပြီး လုပ်သားဈေးကွက် ဆုံးရှုံးမှု များသည် မညီမျှမှုနှင့် ဆင်းရဲနွမ်းပါးမှုများကို တိုးလာစေနိုင်ကြောင်း၊ အဆိုပါသက်ရောက်မှု များသည် ယူရိုဧရိယာ၏ စီးပွားရေးတိုးတက်မှု အလားအလာကို ဖိအားဖြစ်စေမည်ဖြစ်ကြောင်း IMF က ဆိုသည်။

အီးယူ၏ ယူရို (၇၅၀) ဘီလီယံတန်ဖိုးရှိသည့် စီးပွားရေးနိုးထမှုအစီအစဉ်အပြီးသတ် အတည်ပြုရာ၌ ဖြစ်ပေါ်နေသည့် အတားအဆီးများကိုလည်း ကျော်လွှားနိုင်ရန်လိုအပ်ပြီး၊ ထပ်မံ နှောင့်နှေးမှုများရှိလာပါက ဥရောပဒေသ၏ စီးပွားရေးပြန်လည်နိုးထနိုင်မှုအလားအလာများကို ထိခိုက်စေနိုင်ကြောင်း၊ ဥရောပဗဟိုဘဏ်၏ စီးပွားရေးလှုံ့ဆော်မှုအစီအမံများ ထပ်မံလိုအပ်ဖွယ် ရှိကြောင်းကိုလည်း  IMF ကပြောကြားခဲ့သည်။ အီးယူနှင့် ဗြိတိန်နိုင်ငံတို့အကြား အနာဂတ် ကုန်သွယ်မှုဆက်ဆံရေးအတွက် စေ့စပ်ညှိနှိုင်းနေဆဲအခြေအနေများနှင့်  ညှိနှိုင်း၍မရခဲ့ပါက နှစ်ဘက်အကြား ကုန်သွယ်ရေးတင်းမာမှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်း စီးပွားရေးဖွံ့ဖြိုး မှုအတွက် မသေချာမရေရာမှုများ တိုးလာစေကြောင်း၊ သို့သော်လည်း ဆေးဝါးကုမ္ပဏီကြီးများ ထံမှ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးနှင့် ပတ်သက်သည့်သတင်းများ ထွက်ပေါ်လာမှုသည် အကျပ်အတည်းများကြားမှ မျှော်လင့်ချက်ရောင်ခြည်သန်းလာမှုကို ဖော်ပြနေသည်ဟု IMF က ပြောကြားခဲ့ပါသည်။

ရင်းမြစ် –   (https://www.cnbc.com)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading