ပြည်ပသတင်းများ

အီးယူနှင့် အာဆီယံတို့အကြား ဒစ်ဂျစ်တယ်ကုန်သွယ်မှုနှင့် ဆက်သွယ်ချိတ်ဆက်မှုများ ပိုမိုတိုးမြှင့်သွားရန် စီစဉ်လျက် ရှိခြင်း

အီးယူနှင့် အာဆီယံတို့အကြား ပိုမိုနီးကပ်သောဒစ်ဂျစ်တယ် ကုန်သွယ်မှုနှင့် ဆက်သွယ် ချိတ်ဆက်မှုများကို တိုးမြှင့်သွားရန် နှစ်ဘက်စလုံးမှ ကတိကဝတ်ပြုခဲ့ကြောင်း၊ အာဆီယံနိုင်ငံ များအနေဖြင့် application မှတစ်ဆင့် အီလက်ထရောနစ်နည်းလမ်းဖြင့် အကောက်ခွန်ကြေညာ ခြင်းကို ဆောင်ရွက်ပြီး၊ သင်္ဘောလိုင်းများ ဖြတ်သန်းသွားလာမှုကို ခွင့်ပြုနိုင်သော အာဆီယံ အကောက်ခွန် ဖြတ်သန်းသွားလာမှုစနစ် (ASEAN Customs Transit System-ACTS) ကို ကြေညာခဲ့ပြီးနောက် အီးယူနှင့် အာဆီယံတို့အကြား ထိုသို့ကတိကဝတ်ပြုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ACTS ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းသည် အာဆီယံနိုင်ငံများ၏ ကုန်သွယ်မှုဆိုင်ရာ စီမံအုပ်ချုပ်မှုကုန်ကျစရိတ်များအား ၂၀၂၅ ခုနှစ်တွင် (၁၀) ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရေး ရည်မှန်းချက်ကို ပြည့်မီရေးကြိုးပမ်းရာတွင် အဓိကအရေးပါကြောင်း၊ ACTS ကို အီးယူ၏ရန်ပုံငွေ ပံ့ပိုးမှုဖြင့် ဘရပ်ဆဲလ်အခြေစိုက် ကမ္ဘာ့အကောက်ခွန်အဖွဲ့ချုပ်၏ စံနှုန်းများနှင့် အညီ ဆောင်ရွက်ထားခြင်းဖြစ်ရာ အာဆီယံနိုင်ငံများအနေဖြင့် အီးယူနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် ပိုမိုမြန်ဆန်ချောမွေ့စေမည်ဖြစ်သည်ဟု သိရပါသည်။

ACTS ကို စတင်လည်ပတ်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်းကို အာဆီယံမှ ကြေညာခဲ့ပြီး နောက်တစ်ရက်ဖြစ်သည့် ၁-၁၂-၂၀၂၀ ရက်နေ့တွင် အာဆီယံ-အီးယူ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပခဲ့ပြီး၊ ယင်းအစည်းအဝေးတွင် အာဆီယံ-အီးယူ ဆက်သွယ်ချိတ်ဆက်မှု ဆိုင်ရာ ဝန်ကြီးများအဆင့် ပူးတွဲကြေညာချက် (ASEAN-EU Joint Ministerial Statement on Connectivity) ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါကြေညာချက်တွင် အီးယူ၏ ASEAN Regional Integration Support from the European Union (ARISE) Plus အစီအစဉ်အောက်မှ ACTS ကို စတင်ဆောင်ရွက်နိုင်ခြင်းသည် အာဆီယံနှင့် အီးယူတို့အကြား ကုန်စည်ဖြတ်သန်း သယ်ယူ ပို့ဆောင်မှုနှင့် အကောက်ခွန် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းလွယ်ကူစေခြင်းဖြင့် လုပ်ထုံး လုပ်နည်းပိုင်း အပြန်အလှန်ကိုက်ညီမှုရှိစေရေး ပူးပေါင်းဆောင်ရွက်မှု၏ ကနဦးခြေလှမ်းတစ်ရပ် ဖြစ်ကြောင်းနှင့် ဥရောပနှင့်အာရှ ဆက်သွယ်ချိတ်ဆက်ရေးဆိုင်ရာ အီးယူ၏မဟာဗျူဟာများနှင့် အညီ နှစ်ဘက်အကြား ဖြစ်နိုင်ဖွယ်ရှိသည့် ဆက်သွယ်ချိတ်ဆက်မှုဆိုင်ရာ မိတ်ဖက်ပူးပေါင်းမှု တစ်ရပ်ကို နည်းလမ်းရှာဖွေဆောင်ရွက်သွားမည်ဟု ၎င်းပူးတွဲကြေညာချက်တွင် အဆိုပြုထား ပါသည်။ ထို့ပြင် အာဆီယံ-အီးယူဆိုက်ဘာလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကြေညာချက်၊ ဒစ်ဂျစ်တယ်ပညာရေး ပူးပေါင်းဆောင်ရွက်မှု၊ high-performance of computing တို့ကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ပူးတွဲကြေညာချက်တွင် တိုက်တွန်းထားကြောင်း သိရပါသည်။

အီးယူ၏ ဘဏ္ဍာရေးအကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အာဆီယံ အကောက်ခွန်ဖြတ်သန်းသွားလာမှုစနစ် (ACTS) သည် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများ အကြား ကုန်စည်ဖြတ်သန်းသယ်ယူပို့ဆောင်မှုကို မြန်ဆန်ချောမွေ့စေလျက် ကုန်သွယ်မှုဆိုင်ရာ ကုန်ကျစရိတ်များကို သက်သာစေနိုင်မည့်အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဆေးနှင့် ဆေးပစ္စည်းများ၊ တစ်ကိုယ်ရည် သုံးအကာအကွယ်ပစ္စည်းများ ဖြတ်သန်းသယ်ယူပို့ဆောင်မှုကို အရှိန်မြှင့်တင်ပေးခြင်းဖြင့် ကိုဗစ်ကာလအလွန် စီးပွားရေးပြန်လည်ထူထောင်ရေးကို အထောက် အကူပြုနိုင်ကြောင်း သိရှိရပါသည်။

ရင်းမြစ် –  (The Register၊ https://www.vir.com.vn)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading