ပြည်တွင်းသတင်းများ

ရန်ကုန်ဈေးကွက် လယ်ယာထွက်ကုန် ရောင်းဝယ်မှု အခြေအနေ

အစေ့ထုတ်ပြောင်း

အစေ့ထုတ်ပြောင်းဈေးနှုန်းမှာ အိမ်နီးချင်းနိုင်ငံများတွင် ပြောင်းလိုအပ်ချက် များမည် ဟု ခန့်မှန်းထားခြင်းကြောင့် ဈေးကွက်အတွင်း လှောင်လက်များမှ ဝယ်ယူမှုများလာခြင်း၊ နယ်စပ်ဂိတ်များသို့ ကုန်စည်စီးဆင်းမှု အနည်းငယ်ရှိခဲ့ခြင်း၊ ပြည်တွင်း အစာစပ်လုပ်ငန်းများမှ   ဝယ်ယူမှုရှိလာခြင်းတို့ကြောင့့်် ယခင်တစ်ပတ်ထက် အနည်းငယ် ဈေးမြင့်ခဲ့ကြောင်း သိရှိရပါသည်။ ယခင်တစ်ပတ်ဈေးနှုန်းမှာ အစေ့ထုတ်ပြောင်း (၅၄) ပိဿာလျှင် (၂၄,၄၃၅) ကျပ်ဖြစ်ပြီး ယခု တစ်ပတ်ဈေးနှုန်းမှာ (၂၄,၉၇၅) ကျပ် ဖြစ်ကြောင်း သိရှိရပါသည်။

ပဲမျိုးစုံ

ပဲမျိုးစုံဈေးကွက်တွင် မတ်ပဲ (သင်္ဘောတင်) နှင့် ပဲစင်းငုံ (သင်္ဘောတင်) မှာ အဓိက ဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံမှ ဝယ်လိုအားနည်းခြင်းကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းကာ   မြန်မာမတ်ပဲနှင့် ပဲစင်းငုံများ ယခင်တစ်ပတ်ထက် ဈေးနိမ့်ခဲ့ကြောင်း သိရှိရပါသည်။ မတ်ပဲ (သင်္ဘောတင်) တစ်တန်လျှင် ယခင်တစ်ပတ်ဈေးနှုန်းမှာ (၁,၀၄၁,၀၀၀) ကျပ်ဖြစ်ပြီး ယခုတစ်ပတ် ဈေးနှုန်းမှာ (၁,၀၂၇,၀၀၀) ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ပဲစင်းငုံ(သင်္ဘောတင်) တစ်တန်လျှင် ယခင်တစ်ပတ်ဈေးနှုန်းမှာ (၈၆၂,၅၀၀) ကျပ် ဖြစ်ပြီး ယခုတစ်ပတ်ဈေးနှုန်းမှာ (၈၁၀,၀၀၀) ကျပ် ဖြစ်ကြောင်း သိရှိရပါသည်။  ယခုရက်သတ္တပတ်အတွင်းတွင် ကုန်စည်ဒိုင်ဖွင့်ရက် (၆) ရက် ရှိခဲ့ သော်လည်း ပြည်ပဝယ်လက်များမှ ဝယ်ယူမှုနည်းခဲ့ခြင်းကြောင့် ပဲစင်းငုံ ကုန်သေတ္တာ (၁၀) လုံး ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ ပဲတီရွှေဝါမှာ ဆောင်းပဲတီစိမ်းများ စတင် စိုက်ပျိုးချိန်ဖြစ်ခြင်း၊ ဈေးကွက်သို့ ပဲဝင်ရောက်မှု နည်းသော်လည်း တရုတ်ဝယ်လက်များမှ ပုံမှန် ဝယ်ယူမှုရှိခြင်းကြောင့် ရောင်းလိုအားနှင့် ဝယ်လိုအားမျှကာ ယခင်တစ်ပတ်ဈေးနှုန်းများဖြင့် ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်ပြီး ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ဈေးနှုန်းမှာ (၃)တင်း/ (၆၀) ပိဿာတစ်အိတ်လျှင် (၁၂၆,၀၀၀) ကျပ် ရှိကြောင်း သိရှိရပါသည်။ ကုလားပဲမှာ ပြည်တွင်းလက်ကျန် နည်းသော်လည်း ပြည်ပတင်ပို့မှုမရှိခြင်း၊ ပြည်တွင်းပဲခွဲစက်များမှ အရောင်းအဝယ်အေးခြင်း တို့ကြောင့် ယခင်တစ်ပတ်ထက် ဈေးနိမ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ယခင်တစ်ပတ် ဈေးနှုန်းမှာ ပျမ်းမျှအားဖြင့် (၁) ပိဿာလျှင် (၁,၅၃၃) ကျပ်ဖြစ်ပြီး ယခုတစ်ပတ်ဈေးနှုန်းမှာ (၁,၅၀၈) ကျပ် ဖြစ်ကြောင်း သိရှိရပါသည်။

စားဖိုဆောင်သီးနှံ

စားဖိုဆောင်သီးနှံဈေးကွက်တွင်  ကြက်သွန်နီ (ထူး၊ လတ်၊ သေး) မှာ မိုးကြက်သွန်နီ အသစ်အချို့ ဈေးကွက်သို့ အဝင်ရှိလာခြင်း၊ နွေကြက်သွန်နီ အဟောင်းများ အရည်အသွေး အညံ့စ များလာခြင်း၊ ကြက်သွန်နီအဟောင်းအညံ့များ ရန်ကုန်ဈေးကွက်သို့ ကုန်အဝင်လှိုင်ကာ ရောင်းလိုအားများနေခြင်းတို့ကြောင့် ယခင်တစ်ပတ်ထက် ဈေးနိမ့်ခဲ့ကြောင်းသိရှိရပါသည်။ ယခင် တစ်ပတ်အတွင်း ကြက်သွန်နီ တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းများမှာ ၆၀၀-၅၅၀-၅၀၀ ကျပ် ဖြစ်ခဲ့ပြီး ယခုတစ်ပတ်အတွင်း ကြက်သွန်နီ တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းများမှာ ၅၀၀-၄၀၀-၃၀၀ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ကြက်သွန်ဖြူ(ရှမ်း) နှင့် ကြက်သွန်ဖြူ (ကြူကုတ်)မှာ  အရည်အသွေးညံ့လာချိန်ဖြစ်ခြင်း၊ ကုန်အဝင်နည်းလာသော်လဲ အရောင်းအဝယ်အေးခြင်း၊ ပွဲရုံ လက်ကျန်များခြင်းတို့ကြောင့် ယခင်တစ်ပတ် ဈေးနှုန်းများထက် ဈေးနိမ့်ခဲ့ကြောင်း သိရှိရပါသည်။ ငရုတ်ခြောက် (ရှည်၊ လတ်၊ ပွ) မှာ ရန်ကုန်ဈေးကွက်သို့ ငရုတ်အမျိုးအစားအားလုံး  ကုန်အဝင် နည်းခြင်း၊ အအေးခန်း သိုလှောင်ထားသော ငရုတ်များဖြစ်၍ အရည်အသွေးကောင်းခြင်း၊ ငရုတ် ခြောက် (ရှည်) နှင့် ငရုတ်ခြောက် (ပွ) အား ဝယ်ယူစားသုံးမှုများခြင်းတို့ကြောင့် ငရုတ်ခြောက် (ရှည်) နှင့် ငရုတ်ခြောက် (ပွ) များ သိသာစွာ ဈေးမြင့်ခဲ့ပြီး၊  ငရုတ်ခြောက် (လတ်) မှာ အရောင်းအဝယ် အေးခြင်းကြောင့် ဈေးနိမ့်ခဲ့ကြောင်းသိရသည်။ ချင်းဈေးနှုန်းမှာ ချင်းတက်အသစ်များ ခြောက်သွေ့ မှုရှိကာ အရည်အသွေးကောင်းလာသော်လည်း ဈေးကွက်သို့ ကုန်အဝင်လှိုင်လာခြင်း၊ ပြည်ပ ဝယ်လက်များမှ ဝယ်ယူမှုမရှိသေးခြင်းတို့ကြောင့် ယခင်တစ်ပတ်ထက် ဈေးနိမ့်ခဲ့ကြောင်း သိရှိရ ပါသည်။

ဟင်းသီးဟင်းရွက်

ဟင်းသီးဟင်းရွက်ဈေးကွက်တွင် ခရမ်းချဉ် (ရှမ်း) မှာ အောင်ပန်းသီးများ ရန်ကုန် ဈေးကွက်သို့ ကုန်အဝင်လှိုင်ခြင်း၊ မြဝတီနယ်စပ်မှ အသီးများလဲ ရန်ကုန်ဈေးကွက်သို့ ဝင်ရောက် မှုရှိခဲ့ခြင်း၊ မြေပြန့်သီးအချို့ ဈေးကွက်သို့ စတင်ဝင်ရောက်မှုရှိလာခြင်းတို့ကြောင့် ရောင်းလိုအား များကာ ယခင်တစ်ပတ်ထက် အနည်းငယ် ဈေးနိမ့်ခဲ့ကြောင်း သိရှိရပါသည်။

သစ်သီးဝလံ

သစ်သီးဝလံဈေးကွက်တွင် ပန်းသီး (တရုတ်) မှာ ဈေးကွက်သို့ ကုန်အဝင်လှိုင်ခြင်းနှင့် အရောင်းအဝယ်အေးခြင်းကြောင့်လည်းကောင်း၊ ထောပတ်သီးမှာ အသေးစ၊ အလတ်စများသာ ဝင်ရောက်မှုများခြင်းကြောင့်လည်းကောင်း၊ လိမ္မော်သီးမှာ ပျားလိမ္မော်(တရုတ်)များ အဝင်လှိုင် ကာ ဈေးနိမ့်နေခြင်း၊ ရောင်းလိုအားများခြင်းတို့ကြောင့်လည်းကောင်း အသီးသီးဈေးနိမ့်ခဲ့ကြောင်း သိရှိရပါသည်။

(ဒေါ်အေးသန္တာဝင်း၊ ရန်ကုန်ဈေးကွက်)

Loading