ပြည်ပသတင်းများ

အစိုးရအဖွဲ့အစည်းမဟုတ်သော ရေနံစိမ်းတင်သွင်းသူများ အတွက် (၂၀၂၁) ခုနှစ် တင်သွင်းခွင့်အား (၂၀) ရာခိုင်နှုန်း မြှင့်တင်ပေးလိုက်သည့် တရုတ်နိုင်ငံ

ကမ္ဘာ့ထိပ်တန်း ရေနံတင်သွင်းသည့် နိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် (၂၀၂၁) ခုနှစ် အတွက် အစိုးရမဟုတ်သော လုပ်ငန်းများ၏ ရေနံစိမ်းတင်သွင်းခွင့်ပမာဏအား ယခင်နှစ်က ထက် (၂၀) ရာခိုင်နှုန်း တိုးမြှင့်ကာ တန်ချိန် (၂၄၃) သန်းထိ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရပါသည်။

တရုတ်နိုင်ငံတွင် ကိုရိုနာကပ်ရောဂါ အမြင့်ဆုံးကျရောက်ဖြစ်ပွားခဲ့သည့် အချိန်၌ လောင်စာဆီဈေးနှုန်းများ ဆယ်စုနှစ်များအတွင်း အနိမ့်ဆုံးဖြစ်ခဲ့ပြီး လောင်စာဆီများ အလွန်အမင်း ပိုလျှံစုပုံနေခဲ့ရာ  ရေနံဈေးကွက်ရှိ ထုတ်လုပ်သူများအတွက် အလွန်ခက်ခဲခဲ့သည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ပါသည်။

အရည်အသွေးပြည့်မီသည့် ကုမ္ပဏီများသို့ ဒီဇင်ဘာလ (၃၁) ရက်နေ့ မတိုင်မီ သွင်းကုန် အရေအတွက် (ကိုတာ) ၏ ပထမအသုတ်အား ထုတ်ပေးသွားမည်ဟု တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဆိုအရ သိရပါသည်။

ရေနံစိမ်းတင်သွင်းခွင့်အရေအတွက်များ မြင့်တက်လာရခြင်းမှာ တရုတ်နိုင်ငံ၊ အရှေ့ပိုင်း အခြေစိုက် Zhejiang Petroleum & Chemical Co (ZPC) နှင့် Shenghong Petrochemical တို့ ကဲ့သို့ ပုဂ္ဂလိကရေနံချက်စက်ရုံများ စတင်လည်ပတ်မည့် ရေနံချက်စွမ်းရည်အသစ်များအား ဖြည့်ဆည်းပေးရန် ဖြစ်နိုင်ခြေရှိပါသည်။

ကျဲ့ကျန်းပြည်နယ်၏မြို့တော် ကျိုးရှန်း၌ တည်ရှိသည့် Zhejiang Petroleum & Chemical Co (ZPC) က ယခုနှစ်ကုန်တွင် တစ်နေ့လျှင် ရေနံစည်ပေါင်း (၂) သိန်း စတင်သွားရန် အစီအစဉ်ရေးဆွဲထားပါသည်။

Liangyungang အခြေစိုက် Shenghong Petrochemical ကလည်း (၂၀၂၂) ခုနှစ်တွင် တစ်နေ့လျှင် စည်ပေါင်း (၃၂၀,၀၀၀) ထုတ်လုပ်နိုင်သည့် ရေနံချက်စက်ရုံအား စတင်ရေးအတွက် ပြင်ဆင်ရန် (၂၀၂၁) ခုနှစ် နှစ်လယ်ပိုင်း၌ ရေနံစိမ်းဝယ်ယူမှုများ စတင်ပြုလုပ်လာနိုင်ပါသည်။

အမှန်တကယ် သွင်းကုန်အခြေအနေ၊ လည်ပတ်ဆောင်ရွက်ရေးဆိုင်ရာ လိုအပ်ချက် နှင့် အသုံးချနည်းအသစ်များအပေါ် အခြေခံ၍ ရေနံချက်စက်ရုံများအား ချိန်ညှိသွားမည်ဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရပါသည်။

အစိုးရမဟုတ်သော အရေအတွက် (ကိုတာ) ခွဲဝေမှုအများစုမှာ နိုင်ငံပြင်ပတွင် သြဇာ အာဏလွှမ်းမိုးမှုကြီးသော ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကြီးများထံမှ တင်သွင်းသူများနှင့် ရေနံချက်စက်ရုံများအတွက်ဖြစ်ပါသည်။

တရုတ်နိုင်ငံသည် ယမန်နှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ပိုမိုမြင့်မားလာသော ဝယ်လိုအားများဖြင့် ရေနံစိမ်းအဓိက ဝယ်ယူခဲ့သော နိုင်ငံဖြစ်ပါသည်။

တရုတ်နိုင်ငံတွင် ရေနံစိမ်းများအား စံချိန်တင်လောက်အောင် သိုလှောင်ထားရှိမှုများ နှင့် ပြည်တွင်းလောင်စာဆီ ဝယ်လိုအား ပြန်လည်အားကောင်းလာသဖြင့် ဈေးသက်သာသော ရေနံစိမ်းများအား ရေနံသန့်စင်သူများက ဝယ်ယူမှုများကြောင့် (၂၀၂၀) ခုနှစ် ပထမ(၄)လပတ် များအတွင်း တရုတ်နိုင်ငံအတွင်းသို့ ရေနံစိမ်း တန်ချိန်သန်းပေါင်း (၄၁၆) သန်း တင်သွင်းခဲ့ပြီး၊ ယခင်နှစ်ကထက် (၁၂.၇)ရာခိုင်နှုန်း တိုးမြင့်ခဲ့ပါသည်။

ရင်းမြစ်၊hellenicshippingnews.com (၃-၁၁-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading