ပြည်ပသတင်းများ

ကိုဗစ်ကပ်ရောဂါက သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စားသုံးမှုတွင် အပြောင်းအလဲကြီး ဖြစ်ပေါ်လာစေကြောင်း တွေ့ရှိ

ကိုရိုနာကပ်ရောဂါက စားသုံးမှုများနှင့် လူနေမှုဘဝပုံစံများ အပေါ် အဓိကအပြောင်း အလဲများကို ဖြစ်ပေါ်စေပြီး၊ လတ်ဆတ်သည့်ကုန်ပစ္စည်းများအားစားသုံးမှုတွင် တဖြည်းဖြည်း တိုးလာသည်များရှိသကဲ့သို့  ကျဆင်းလာသည်များလည်း ရှိနေပါသည်။

King’s College Londonမှ ဗြိတိန်နှင့် အမေရိကန်မှ လူ(၁) သန်းကျော်အပေါ် Zoe Covid Symptom Study app ဖြင့် (၂၀၂၀) ခုနှစ် ၊ ဖေဖော်ဝါရီလ၊ ဇူလိုင်လနှင့် စက်တင်ဘာလ တို့တွင် မေးမြန်းခဲ့သည့် လေ့လာမှုအသစ်တစ်ရပ်အရ အတ္တလန္တိတ်ဒေသ၌ ပြည်သူများ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များစားသုံးမှု သိသာစွာပြောင်းလဲလာသည်ကိုတွေ့ရပါသည်။

တွေ့ရှိချက်များအရ ဖြေကြားသူများ၏ (၃၃) ရာခိုင်နှုန်းက ၎င်းတို့၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်စားသုံးမှုများအား တစ်နေ့လျှင် ပါဝင်မှု (၃.၅ မှ ၅.၆ ရာခိုင်နှုန်း) တိုးမြှင့် စားသုံးနေကြောင်း ဖြေကြားခဲ့ပါသည်။  သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တစ်နေ့စားသုံးမှု နှုန်း (၅.၆ မှ ၃.၈ ရာခိုင်နှုန်း) ကျဆင်းသွားကြောင်း ဖြေကြားသူများမှာ (၂၃) ရာခိုင်နှုန်းရှိ ကြောင်း တွေ့ရပါသည်။

ဤကဲ့သို့ အမေရိကတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်စားသုံးမှု ပြောင်းလဲ လာခြင်းမှာ ဆယ်စုနှစ်ပေါင်းများစွာ တည်ငြိမ်နေခဲ့သည့် “နေ့စဉ်စားသုံးမှု၏ တစ်ဝက်ရှိရမည်” ဟု အကြံပြုထောက်ခံထားသည့်စားသုံးမှုပုံစံ၌ မျှော်မှန်းမထားသည့် ပြောင်းလဲမှုဖြစ်ကြောင်း၊ ထိုကဲ့သို့ ခွဲဖြာသွားသည့် စားသုံးမှုပုံစံဖြစ်ပေါ်ရခြင်းမှာ လတ်ဆတ်ကုန်ပစ္စည်းများအား လက်လှမ်းမီ ဝယ်ယူနိုင်မှုနှင့် အများဆုံးသက်ဆိုင်သည် (သို့မဟုတ်) အခြားအကြောင်းအရာ များရှိနိုင်သည်ဟူသည်ကို ရှာဖွေဆန်းစစ်ကြည့်ရန် စိတ်ဝင်စားကြောင်း Stanford Medical Schoolမှ ပါမောက္ခ Christopher Gardner က မှတ်ချက်ပြု ပြောကြားထားပါသည်။

ဘဝရပ်တည်ရန်ခက်ခဲသည့်အုပ်စုများမှာ ထိခိုက်မှုအများဆုံးဖြစ်

သုတေသနပြုချက်၏တွေ့ရှိချက်အရ အများအားဖြင့်ဆင်းရဲသည့် ဒေသများတွင် နေထိုင်သူများနှင့် ငယ်ရွယ်သူမိန်းမပျိုများမှာ ကိုရိုနာကပ်ရောဂါကြောင့် အစားအသောက်နှင့် လူနေမှုဘဝပုံစံများ ထိခိုက်မှုအများဆုံးဖြစ်ခဲ့ကြောင်း သိရပါသည်။ ၎င်းအချက်က ကပ်ရောဂါ ကာလအတွင်း ကိုယ်အလေးချိန် ပျမ်းမျှ (၄) ကီလိုတိုးလာသူများနှင့် ပျမ်းမျှ (၃.၅)ကီလို လျော့သွားသူများဟူ၍ အုပ်စု(၂) ခုဖြစ်သွားစေပါသည်။

ဤလေ့လာချက်က စားသောက်ကုန် စိတ်ချလုံခြုံစေမှု ကိစ္စရပ်ပေါ်တွင်လည်း မီးမောင်းထိုးပြပေးခဲ့ပါသည်။ကပ်ရောဂါကာလအတွင်း စားနပ်ရိက္ခာလက်လှမ်းမီနိုင်မှု ကျဆင်း သွားသည့်လူဉီးရေမှာ စားနပ်ရိက္ခာရရှိမှုတိုးတက်လာသည့် လူဉီးရေထက် (၄) ဆ ပိုများခဲ့ပါသည်။  ဗြိတိန်ကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံမျိုးမှာပင် အရွယ်ရောက်ပြီးလူဉီးရေ (၅.၁) သန်းတို့သည် ကပ်ရောဂါ ကာလအတွင်း (၆) လခန့် စားနပ်ရိက္ခာမလုံလောက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်ဟု သိရပါ သည်။

သုတေသနပြုမှုအရ ပုဂ္ဂိုလ်တစ်ဉီးချင်း၏ တုန့်ပြန်မှုများနှင့် ကျန်းမာရေးအမူအကျင့် များသို့ ပြောင်းလဲမှုများ များစွာဖြစ်ပေါ်သည်ကို တွေ့ရပါသည်။ ဖြေကြားသူများ၏ (၃၂) ရာခိုင် နှုန်းက ပျမ်းမျှ (၄) ကီလို ကျသွားသည်ဟုဖြေကြပြီး၊ (၃၄) ရာခိုင်နှုန်းက ပျမ်းမျှ (၃.၅) ကီလို တက်လာသည်ဟုဖြေကြားခဲ့ကြပါသည်။  ဖြေကြားသူများ၏ (၂၂) ရာခိုင်နှုန်းက သွားရည်စာ စားသုံးမှုနည်းသွားသည်ဟု ဖြေကြားခဲ့ကြပြီး၊ (၁၈) ရာခိုင်နှုန်းက သွားရည်စာ ပိုမိုစားသုံးလာ ကြသည်ဟု ဖြေကြားခဲ့ကြပါသည်။

ဤလေ့လာမှုက ကပ်ရောဂါကာလအတွင်း ကျွန်ုပ်တို့၏ စားသုံးမှုနှင့် လူနေမှုပုံစံအား မည်မျှ ပြောင်းလဲစေခဲ့သည်ကို ဖော်ပြနေကြောင်း၊ ထိုသို့ပြောင်းလဲလာခြင်းမှာ ကျန်းမာရေးအမူ အကျင့်များနှင့် ကိုယ်ခန္ဓာအလေးချိန်အပေါ်  မကောင်းသောသက်ရောက်မှုများ ရှိလာနိုင်မည် ဟူသော အမြင်များရှိသော်လည်း  သုတေသနမှဖော်ပြချက်အရ ဗြိတိန်နှင့် အမေရိကမှ လူဉီးရေ အများစုအတွက် ထိုကဲ့သို့မဟုတ်ကြောင်း၊ လူအများအပြားက ၎င်းတို့၏ စားသုံးမှုပုံစံတိုးတက် စေရန်နှင့် ပိုမိုကျန်းမာသော လူနေမှုဘဝအား ရွေးချယ်ရန် အပြောင်းအလဲများပြုလုပ်လာခြင်း ဖြစ်သည်ဟုယူဆကြောင်း Berry က ပြောကြားခဲ့ပါသည်။

ကပ်ရောဂါက လူသားများအပေါ် နည်းလမ်းအမျိုးမျိုးဖြင့် သက်ရောက်ခဲ့ကြောင်း The Food Foundationမှ အစီအစဉ်မန်နေဂျာ Rebecca Tobiက မှတ်ချက်ပြုခဲ့ပါသည်။  လူအချို့အတွက် Covid-19 က ဟင်းချက်ရန်၊ အရာအသစ်များကို စူးစမ်းရန်နှင့် လေ့ကျင့်ခန်း ပြုလုပ်ရန် အချိန်ပိုမိုရရှိစေခဲ့သော်လည်း၊ လူအချို့အတွက်မူ ဝင်ငွေဆုံးရှုံးခြင်း၊ ကလေးသူငယ် စောင့်ရှောက်မှုဝန်ထုပ်ဝန်ပိုးများ ပိုမိုလာခြင်း၊ လုံလောက်သည့် စားသောက်ကုန်များထံ လက်လှမ်းမီရောက်ရှိမှု ခက်ခဲလာခြင်းတို့နှင့် ရင်ဆိုင်နေရပါသည်။

ရင်းမြစ်၊ Fruitnet (၉-၂-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading