ပြည်ပသတင်းများ

ပဲတင်သွင်းခွင့်ပမာဏ သတ်မှတ်ချက်အား ထုတ်ပြန်ပေးရန် အိန္ဒိယကုန်သည်များက အစိုးရသို့ တိုက်တွန်းပြောကြားခြင်း

ပဲမျိုးစုံဈေးကွက်၌ ဈေးနှုန်းများ မြင့်တက်မည့်အခြေအနေ ရှိနေချိန်တွင် အစိုးရအနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်အတွက် ပဲစင်းငုံနှင့် ပဲတီစိမ်းတို့အား တင်သွင်းခွင့်ပြုမည့် ကိုတာခွဲတမ်းပမာဏ သတ်မှတ်ချက်များကို ဆောလျင်စွာ ထုတ်ပြန်ပေးရန်နှင့် သို့မှသာ နွေရာသီကာလ၌ သမားရိုးကျ ဝယ်လိုအား မြင့်တက်မှုအရ ဈေးနှုန်းများကို သတ်မှတ်အတိုင်းအတာအတွင်း ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်းဖြင့် အိန္ဒိယပဲကုန်သည်များနှင့် ပဲခွဲစက်လုပ်ငန်းရှင်များက အစိုးရသို့ တွန်းအားပေး ပြောဆိုလျက်ရှိပါသည်။

အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ သီးနှံစိုက်ပျိုးထွက်ရှိနိုင်မှု ဒုတိယအကြိမ် ခန့်မှန်းချက် တွင် ပဲမျိုးစုံအား တန်ချိန် ၂၄.၄၂ သန်းကျော် ထွက်ရှိမည်ဟု ဖော်ပြထားသော်လည်း ကုန်သည်များ ကမူ အဓိကသီးနှံစိုက်ပျိုးထုတ်လုပ်သည့် ပြည်နယ်များ၌ အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ကြောင့် အရည်အသွေးအရ ထိခိုက်မှုနှင့်အတူ အမှန်တကယ်ထွက်ရှိမှုမှာ ခန့်မှန်းထားသည်ထက် များစွာ လျော့ကျမည်ဟု ယုံကြည်လျက်ရှိကြသည်။ လက်ရှိကာလတွင် ဆောင်းရာသီစိုက်ပျိုးမှုမှ ရိတ်သိမ်းဆဲဖြစ်သော ကုလားပဲ၏ ဈေးနှုန်းမှာ အစိုးရအထောက်အပံ့ပေးသည့် အခြေခံရည်ညွှန်း ဈေးနှုန်း (MSP) အောက်အနည်းငယ်မျှသာ နိမ့်ကျလျက်ရှိပြီး ကျန်ပဲအမျိုးအစားအားလုံးနီးပါး၏ ဈေးနှုန်းများမှာ MSP ထက်ပိုမိုမြင့်မားသော နှုန်းထားများဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိသည်။

အိန္ဒိယပဲမျိုးစုံနှင့် ကောက်ပဲသီးနှံများအသင်း (IPGA) ၏ ဒုတိယဥက္ကဋ္ဌ Mr. Bimal Kothari က ၎င်းတို့အနေဖြင့် ရှေ့လာမည်လများ၌ ပဲမျိုးစုံဝယ်လိုအားမှာ မြင့်တက်ဖွယ်ရှိမည်ဟု တွေးဆမျှော်မြင်လျက် ရှေ့နှစ်အတွက် ပဲစင်းငုံနှင့် ပဲတီစိမ်း တင်သွင်းခွင့်ကိုတာများအား ဆောလျင်စွာ ထုတ်ပြန်ပေးရန် အစိုးရထံ တောင်းဆိုထားကြောင်း၊ ယခုအခါ ပဲစင်းငုံဈေးနှုန်းများ မှာ မြင့်တက်လျက်ရှိပြီး ပြည်တွင်းပြည်ပ ဈေးကွက်၌လည်း အများအပြား ရရှိနိုင်ဖွယ်မရှိကြောင်း၊ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်ကြည့်ပါက ပဲစင်းငုံအား မြန်မာနိုင်ငံနှင့် အာဖရိကအရှေ့ပိုင်းဒေသ များတွင်သာ စိုက်ပျိုးကြောင်း၊ လက်ရှိကာလတွင် မြန်မာနိုင်ငံဘက်မှ ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှု မှာ လျော့ကျလျက်ရှိပြီး တန်ချိန် ၁ သိန်းအောက်သာ ဈေးကွက်ဝင်ရောက်နိုင်ခြေ ရှိသည့်အပြင် နိုင်ငံရေးမတည်ငြိမ်မှုကလည်း ကုန်သွယ်ရန် အခက်အခဲဖြစ်ပေါ်နေကြောင်း၊ မြန်မာနိုင်ငံဘက်မှ ပဲစင်းငုံတန်ချိန် ၁ သိန်းအထိ ဝယ်ယူရရှိနိုင်မည်ဆိုပါလျှင်လည်း ၎င်းပမာဏသည် အိန္ဒိယပြည်တွင်း စားသုံးရန် လိုအပ်ချက်အောက် လျော့နည်းနေဦးမည်ဖြစ်ကြောင်း၊ အာဖရိကအရှေ့ပိုင်းဒေသများမှ ပဲစင်းငုံများမှာလည်း အစောဆုံး ဩဂုတ်-စက်တင်ဘာလများမှသာ ရရှိနိုင်မည်ဖြစ်ရာ ရောင်းလိုအား အပိုင်းတွင် ပြဿနာများရှိကြောင်းဖြင့် ပြောဆိုပါသည်။

ထို့အပြင် အဓိကပဲသီးနှံ ၆ မျိုးအနက် ကုလားပဲမှအပ ကျန်ပဲ ၅ မျိုးမှာ MSP ဈေးနှုန်းထက် ပိုမိုမြင့်မားလျက်ရှိပြီး ယခုနှစ်အတွက် ပဲဈေးနှုန်းများမှာ ကျဆင်းဖွယ်မရှိကြောင်း၊ ပြည်တွင်း၌ လုံလောက်စွာစိုက်ပျိုးထုတ်လုပ်နိုင်ရေး အစိုးရက တွန်းအားပေးလျက်ရှိသော်လည်း တစ်ဖက်တွင် လူဦးရေနှင့်ဝင်ငွေအဆင့်အတန်း တိုးတက်လာမှုအရ ပဲမျိုးစုံဝယ်လိုအားမှာလည်း တန်ချိန် ၁ သန်း ခန့် နှစ်စဉ်တိုးတက်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ ထုတ်လုပ်မှုတိုးမြှင့်ရေးအစီအမံများကို စနစ်တကျ လုပ်ကိုင်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ အစိုးရသည် ယခင်နှစ်၌ နိုင်ငံတကာဈေးကွက်တွင် ကုန် လက်ကျန်နည်းပါးသည့် နိုဝင်ဘာလသို့ ရောက်မှသာ ပဲတီစိမ်းတင်သွင်းခွင့် ပမာဏသတ်မှတ် ချက်ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ သို့ဖြစ်၍ ပဲတီစိမ်း တန်ချိန် ၅၀၀၀၀ မှ ၆၀၀၀၀ အတွင်းသာ တင်သွင်းနိုင်ပြီး ခွဲတမ်းအပြည့်အဝကို အချိန်မီ တင်သွင်းနိုင်ခြင်းမရှိကြောင်း၊ ထို့ကြောင့် ၎င်းတို့ အနေဖြင့် ယခုလာမည့်နှစ်အတွက် ပဲတီစိမ်းတင်သွင်းခွင့် သတ်မှတ်ချက်အပြင် ယခင်နှစ်လက်ကျန် ခွဲတမ်းပမာဏအား သက်တမ်းတိုးမြှင့်တင်သွင်းခွင့်ပြုရန် အစိုးရထံတောင်းဆိုထားကြောင်းဖြင့် Mr. Kothari ကပြောကြားပါသည်။

ရှေ့လာမည့် ၂၀၂၁-၂၂ ခုနှစ်အတွင်း အိန္ဒိယအစိုးရအနေဖြင့် မိုဇမ်ဘစ်နိုင်ငံနှင့် ချုပ်ဆို ထားသည့် သဘောတူညီချက်အရ တင်သွင်းမည့်တန်ချိန် ၂ သိန်း အပါအဝင် ပဲစင်းငုံစုစုပေါင်း တန်ချိန် ၆ သိန်းအထိ တင်သွင်းခွင့်ပြုမည်ဟု အိန္ဒိယပဲလုပ်ငန်းရှင်များက ခန့်မှန်းလျက်ရှိသည်။ အိန္ဒိယပဲခွဲစက်လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Mr. Suresh Agarwal က အစိုးရသည် ပဲတီစိမ်း တန်ချိန် ၁ သိန်း ၅ သောင်းကို လာမည့်နှစ်အတွက် တင်သွင်းခွင့် ခွဲတမ်းချထားပေးဖွယ် ရှိသည်ဟု ပြောကြားပါသည်။

Source:   Pulses trade urges Centre to fix import quota soon, 10-3-2021, The Hindu Business Line

နေအေးလွင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့

Loading