ပြည်ပသတင်းများ

ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ်စေ့ရိတ်သိမ်းမှုပြီးစီးချိန်တွင် တန်ချိန် ၁၃၄.၀၉ သန်း ထွက်ရှိရန် ခန့်မှန်း

၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ်စေ့တန်ချိန် ၁၃၄.၀၉ သန်း ထွက်ရှိရန် ခန့်မှန်းထားကြောင်း မတ်လ ၂၆ ရက်နေ့တွင် စိုက်ပျိုးရေးဆိုင်ရာစီးပွားရေးအကြံပေးကုမ္ပဏီ Safras & Mercado က သတင်းဌာနသို့ ပြောကြားခဲ့သည်။

ပဲပုတ်စေ့အဓိကစိုက်ပျိုးသည့် Rio Grande do Sul ဒေသတွင် စိုက်ပျိုးရေးအတွက် လိုအပ်သည့် မိုးရေချိန်ရရှိခဲ့သဖြင့် လာမည့်သီးနှံရိတ်သိမ်းချိန်တွင် ပဲပုတ်စေ့တန်ချိန် ၁ သန်းခန့် ပိုမို ထွက်ရှိနိုင်ကြောင်း ခန့်မှန်းထားကြောင်း သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထို့အပြင် လတ်တလော ရိတ်သိမ်းပြီးခဲ့သော ပဲပုတ်စိုက်ခင်းများ၏ ထွက်ရှိမှုကလည်း ယခုနှစ် ရိတ်သိမ်းရာသီချိန်တွင် အထွက်နှုန်း တိုးတက်မည့်အခြေအနေရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

ပြည်နယ်အချို့တွင် ထွက်ရှိမှုလျှော့ကျသော်လည်း ပြည်နယ်အများစုတွင် အထွက်ပမာဏ တိုးတက်နိုင်သည့်အတွက် စုစုပေါင်းသီးနှံထွက်ရှိမှုတွင် တိုးတက်မည့်အခြေအနေရှိကြောင်း သုတေသနပညာရှင် Luiz Fernando Roque က သတင်းဌာနသို့ ပြောကြားထားသည်။

ယခင်နှစ်ပဲပုတ်စေ့စိုက်ပျိုးရာသီချိန်တွင် လာနီညာရာသီဥတုဖြစ်ပေါ်ခဲ့သဖြင့် မိုးရေချိန် မလုံလောက်မှုနှင့် ကြုံတွေ့ခဲ့သော်လည်း ရိတ်သိမ်းချိန်တွင် ယခင်နှစ် ၂၀၁၉-၂၀၂၀ ခုနှစ်ကထက် ပိုမိုထွက်ရှိနိုင်ကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်လျက်ရှိသည်။

သီးနှံများ ရိတ်သိမ်းပြီးချိန်တွင်     ပဲပုတ်စေ့အဓိကစိုက်ပျိုးသည့် နိုင်ငံ၏မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းပြည်နယ်များတွင် အထွက်နှုန်းအတိုးလျှော့ အနည်းငယ်သာရှိနိုင်သဖြင့် တစ်နိုင်ငံလုံး ထွက်ရှိမှုတွင် ယခင်နှစ်ကထက်တိုးတက်နိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထား ကြသည်။

ရိတ်သိမ်းပြီးစီးသည့် စာရင်းများအရ စိုက်ပျိုးဧရိယာဟက်တာ ၃၈.၆၅ သန်းတိုးချဲ့စိုက်ပျိုး ခဲ့ပြီး စုစုပေါင်းပဲပုတ်စေ့စိုက်ပျိုးဧရိယာ၏ ၃.၃ ရာခိုင်နှုန်းရှိကြောင်း Safras ကုမ္ပဏီက ပြောကြား ခဲ့သည်။

ပဲပုတ်သီးနှံအများအပြားစိုက်ပျိုးသည့် Mato Grosso၊ Goiás နှင့် Tocantins ပြည်နယ် များတွင် သီးနှံအတွက် လိုအပ်သော စိုစွတ်သည့်ရာသီဥတုဖြစ်ပေါ်ခဲ့သည့်အပြင် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ မိုးရွာသွန်းမှုများရှိခဲ့သည့်အတွက် တစ်နိုင်ငံလုံး၏ ပျမ်းမျှထွက်ရှိမှုပမာဏတွင် တိုးတက်ခြင်းဖြစ်ကြောင်း သုတေသနပညာရှင် Roque က ပြောကြားခဲ့သည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်နိုင်ငံ

သတင်းရင်းမြစ် – The Reuters

Loading