ပြည်ပသတင်းများ

နည်းပညာပိုင်း ပိုမိုတိုးတက်လာစေရေး start-ups လုပ်ငန်းများကို အားပေးသည့် စည်းမျဉ်းသစ်များအား အီးယူအဆိုပြု

နည်းပညာပိုင်းနှင့်ပတ်သက်၍ တရုတ်၊ အမေရိကန်တို့ကို လိုက်မီနိုင်စေရေးအတွက် အီးယူ အဖွဲ့ဝင်နိုင်ငံများ၏ start-ups လုပ်ငန်းများဆိုင်ရာ စံချိန်စံညွှန်းအသစ်များကို ဥရောပကော်မရှင် က အဆိုပြုခဲ့ကြောင်း သိရသည်။ အီးယူ၏ Start-up Nations Standard သည် ကမ္ဘာ့အနှံ့အပြား မှ နည်းပညာဆိုင်ရာပါရမီရှိသူများကို ဆွဲဆောင်နိုင်ရေးအတွက် အီးယူအဖွဲ့ဝင်နိုင်ငံများ၏ စတော့ခ် ဝယ်ယူခွင့်ပုံစံ (stock options) နှင့် လူဝင်မှုကြီးကြပ်ရေး၊ ဗီဇာဆိုင်ရာဥပဒေများကို ပြောင်းလဲရန် တောင်းဆိုထားသည်။ လက်ရှိအချိန်ထိ ဥရောပတစ်ဝန်းရှိ (၂၅) နိုင်ငံက ယင်းစံချိန်စံညွှန်းမူဘောင် ကို သဘောတူလက်မှတ်ရေးထိုးထားကြောင်း သိရသည်။

ဥရောပတွင် တီထွင်ဆန်းသစ်မှုရှိသော အသေးစားနှင့်အလတ်စားလုပ်ငန်းများအဖြစ်သို့ မြန်မြန်ဆန်ဆန် တိုးတက်သွားနိုင်သည့် start-ups လုပ်ငန်းများ ပိုမိုရှိလာရန်နှင့် ၎င်းလုပ်ငန်းများ အနေဖြင့် ဥရောပ၏ digital sovereignty နှင့် strategic autonomy တို့ကို အကျိုးပြုနိုင်သည့် ကော်ပိုရေးရှင်းလုပ်ငန်းကြီးများအဖြစ်သို့ တဖြည်းဖြည်းချင်း တိုးတက်လာရန် လိုအပ်သည်ဟု ဆိုသည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် အီးယူ၏ နယ်ပယ်တိုင်းရှိ start-ups လုပ်ငန်းများ၏ ရှင်သန်ရပ်တည်မှုအဆင့်တိုင်းတွင် မျှတ၍ အခွင့်သာသည့်အခြေအနေများရှိရန် လိုအပ်ကြောင်း အီးယူ၏ Start-up Nations Standard ကြေညာချက်တွင် ဖော်ပြထားသည်။

ဥရောပတွင် နည်းပညာဆိုင်ရာလုပ်ငန်းကြီးများက start-ups လုပ်ငန်းများ ထွန်းကား လာရေးကို အကူအညီပေးနိုင်မည့် ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ရန် ကာလရှည်ကြာ တောင်းဆိုခဲ့ကြသည်။ တရုတ်နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့ရှိ နည်းပညာကုမ္ပဏီများသည် ဥရောပရှိ အကြီးဆုံးနည်းပညာကုမ္ပဏီကြီးများထက် များစွာ ပို၍ကြီးမားသည်ဟု သိရသည်။ ဥရောပတွင် start-ups လုပ်ငန်းများနှင့် ပတ်သက်၍ အဓိကအားဖြင့် ထောက်ပြသည့်အချက်မှာ ၎င်းလုပ်ငန်း များရှိ ဝန်ထမ်းများက ကုမ္ပဏီ၏စတော့ရှယ်ယာကို ဝယ်ယူပိုင်ခွင့် (employee stock options) ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ကုမ္ပဏီဝန်ထမ်းများအား non-voting rights ဖြင့် စတော့ခ် ဝယ်ယူပိုင်ခွင့်ထုတ်ပေးခြင်းကို start-ups လုပ်ငန်းများအား ခွင့်ပြုပေးသင့်ကြောင်း Start-up Nations Standard ကြေညာချက်အရသိရသည်။ ကုမ္ပဏီအသစ်တစ်ရပ် ထူထောင်ခြင်းလုပ်ငန်းစဉ် ကိုလည်း ကြာမြင့်ချိန် (၁)ရက် (fast-tracked) ဖြင့်ဆောင်ရွက်သင့်ပြီး၊ ကုန်ကျစရိတ်မှာ ယူရို (၁၀၀) အောက် (အမေရိကန်ဒေါ်လာ၁၁၉) သာ ရှိသင့်ကြောင်း၊ ကမ္ဘာ့အနှံ့အပြားမှ ပါရမီရှိသူ နည်းပညာလုပ်သားများကို ဆွဲဆောင်ရန်အတွက် ဗီဇာလျှောက်ထားခြင်းလုပ်ငန်းစဉ်ကိုလည်း ပိုမို မြန်ဆန်အောင် ဆောင်ရွက်သင့်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

ဂျာမနီနိုင်ငံအနေဖြင့် stock options ဆိုင်ရာလုပ်ထုံးလုပ်နည်းသစ်ကို မိတ်ဆက်သွား မည်ဖြစ်ပြီး၊ နိုင်ငံ၏နည်းပညာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို မက်လုံးပေး ဆွဲဆောင်နိုင်မည့် အခြားပြုပြင်ပြောင်းလဲမှုများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြင်သစ်နိုင်ငံ ကလည်း start-ups ကုမ္ပဏီဝန်ထမ်းများအတွက် stock options မူဝါဒများ တိုးတက်ရေးကို ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။ ဥရောပရှိ start-ups လုပ်ငန်းအသိုင်းအဝိုင်းနှင့် အကျိုးတူ လုပ်ငန်းရှင်များက ဥရောပကော်မရှင်၏ အဆိုပြုချက်ကို ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ရင်းမြစ်-(CNBC)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မိ

Loading