ပြည်ပသတင်းများ

ဘယ်လ်ဂျီယံနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး အစီအမံ သစ်များကြောင့် အချို့လုပ်ငန်းကဏ္ဍများသည် ယူရို (၁) ဘီလျံခန့် ဆုံးရှုံးမှု ရှိနိုင်ခြင်း

ဘယ်လ်ဂျီယံနိုင်ငံတွင် Covid-19 ကပ်ရောဂါကူးစက်မှုများ ပြန်လည်မြင့်တက်လာသဖြင့် ဘယ်လ်ဂျီယံနိုင်ငံအစိုးရက ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေးကန့်သတ်ချက်အသစ်များကို ၂၇-၃-၂၀၂၁ ရက်နေ့မှစတင်၍ သီတင်းပတ် (၄) ပတ်ကြာ ချမှတ်ခဲ့ပါသည်။ အဆိုပါကန့်သတ်ချက်များအရ ဆံသ ဆိုင်များ၊ အလှပြင်ဆိုင်များကဲ့သို့သော လူပုဂ္ဂိုလ်ချင်းထိတွေ့ရသည့် လုပ်ငန်းများသည် ပိတ်ထားရ မည်ဖြစ်ပါသည်။ အဝတ်အထည် လက်လီအရောင်းဆိုင်များကဲ့သို့သော Non-essential shops များသည် ဝယ်ယူသူများကို appointment ဖြင့်သာ လက်ခံရောင်းချရမည် ဖြစ်ပြီး၊ ဆိုင်အတွင်း၌ အများဆုံး (၅၀) ဉီးအထိသာ ဝင်ရောက်ခွင့်ပြုထားပါသည်။

အစားအသောက်၊ ဆေးဝါး၊ ပန်းစသည်အရောင်းဆိုင်များ၊ တယ်လီဖုန်းဆက်သွယ်ရေး ဆိုင်များ၊ သတင်းစာနှင့် စာအုပ်အရောင်းဆိုင်များစသည့် essential shops များသည် appointment ပြုလုပ်ခြင်းမရှိဘဲ ရောင်းချခွင့်ရှိပါသည်။ ဘယ်လ်ဂျီယံနိုင်ငံ၏ “semi-lockdown” ပုံစံ ဗိုင်းရပ်စ် ထိန်းချုပ်ရေးအစီအမံသစ်များကြောင့် ဖက်ရှင်ဆိုင်များ၊ အိမ်တွင်းအလှဆင်ပစ္စည်းအရောင်းဆိုင် များ၊ လျှပ်စစ်ပစ္စည်း၊ အားကစားပစ္စည်းအရောင်းဆိုင်များစသည့် လုပ်ငန်းကဏ္ဍများတွင် ယူရို (၁)ဘီလျံခန့်ဆုံးရှုံးနိုင်ကြောင်း ဘယ်လ်ဂျီယံ၏ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ အသင်းချုပ် Comeos အရ သိရသည်။ ယင်းလုပ်ငန်းများရှိ လုပ်သား (၃၅၀၀၀)ခန့်မှာ ဧပြီလအထိ ယာယီအလုပ်လက်မဲ့ဖြစ်ကြရမည်ဟု Comeos က ဆိုသည်။

ဘယ်လ်ဂျီယံနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး အစီအမံသစ်များကြောင့် Non-essential shops များ၏ ဝင်ငွေ (၆၀) ရာခိုင်နှုန်းမှ (၈၀) ရာခိုင်နှုန်းအထိ ကျဆင်းနိုင်သည်ဟု Comeos က ကောက်ယူခဲ့သည့် စစ်တမ်းတစ်ရပ်အရ သိရပါသည်။ စည်းမျဉ်းအသစ်များသည် ရှုပ်ထွေးမှုရှိနေခြင်း၊ ဈေးဆိုင်များ၌ လူဉီးရေကန့်သတ်ချက်ဖြင့်သာ ဝင်ရောက်နိုင်ပြီး၊ ဆိုင်အတွင်း၌ ကြာမြင့်ချိန်မိနစ် (၃၀) ခန့်သာ ခွင့်ပြုခြင်းစသည့်အချက်များကြောင့် ဈေးဝယ်သူများသည် Appointment ပြုလုပ်၍ ဝယ်ယူခြင်းထက် ဈေးဝယ်မထွက်ရန်ကို ဉီးတည်စေလျက်ရှိကြောင်း ဘယ်လ်ဂျီယံ၊ ကုန်သွယ်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာအသင်းချုပ် Comeos အရ သိရပါသည်။

ရင်းမြစ် – (ဘရပ်ဆဲလ်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading