ပြည်ပသတင်းများ

ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲမှုက တရုတ်နိုင်ငံ၏ အရည် အသွေးမြင့်ဖွံ့ဖြိုးမှုအပေါ် အားပေးလျက်ရှိ

တရုတ်နိုင်ငံ၌ ငွေပေးငွေယူမှုများ ပြုလုပ်ရာတွင် ငွေသား အသုံးပြုခြင်း၊ Alipay နှင့် WeChat Payကဲ့သို့ ဒစ်ဂျစ်တယ်နည်းဖြင့် ပေးချေမှုပြုပေးသည့် ပေါင်းကူးနေရာ (platform)များ အသုံးပြုခြင်းတို့အပြင်၊ ဒစ်ဂျစ်တယ်ယွမ်ငွေကိုလည်း အသုံးပြုလာသည်ကို တွေ့ရပါသည်။ mobile app တစ်ခုအား ဒေါင်းလော့ (download) ရယူကာ၊ ယွမ်စပေါ်ငွေထည့်သွင်းပြီး သည်နှင့် ၄င်းငွေမှာ ဒစ်ဂျစ်တယ်ယွမ်ငွေအဖြစ် ပြောင်းလဲသွားမည်ဖြစ်ပါသည်။ ၄င်းငွေကြေး အမျိုးအစားအား အသုံးပြုရာတွင် ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် (digital wallet) များကဲ့သို့ ရိုးရှင်း လွယ်ကူကာ၊ ပေးချေသည့်အချိန်၌ပင် အပေးအယူပြုလုပ်ပေးပါသည်။ ၄င်းဒစ်ဂျစ်တယ်ငွေကြေး အား မြို့တော်အချို့တွင် ကနဉီးစမ်းသပ်အသုံးပြုနေပြီဖြစ်ပါသည်။

တရုတ်အစိုးရ၏ (၂၀၂၁-၂၀၂၅) ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းတွင်  ဒစ်ဂျစ် တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဉီးစားပေးဖော်ပြထားကာ  လက်တွေ့စီးပွားရေးဖြင့် နက်ရှိုင်းစွာ ပေါင်းစည်းဆောင်ရွက်သွားရေး မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့ပြင် အရည်အသွေး မြင့်ဖွံ့ဖြိုးမှုအပေါ် အားပေးသွားနိုင်မည့် နိုင်ငံတကာပြိုင်ဆိုင်နိုင်သည့် ဒစ်ဂျစ်တယ်လုပ်ငန်း ပိုင်းဆိုင်ရာအစုအဖွဲ့များကိုလည်း တည်ဆောက်သွားမည်ဖြစ်ပါသည်။ ဒစ်ဂျစ်တယ် တရုတ်နိုင်ငံ ကို အဆင့်ပိုမိုမြင့်စေရန်တည်ဆောက်ရာတွင် မိမိနိုင်ငံကို အားကိုးသော၊ တီထွင်မှုကတွန်းအား ပေးသော၊ အရည်အသွေးမြင့်သောဖွံ့ဖြိုးတိုးတက်မှုအား ဖော်ဆောင်သွားရန်အရေးကြီးကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေး ရာဗျူရို၏ အဖွဲ့ဝင် Huang Kunming ကမှတ်ချက်ပြုပြောကြားပါသည်။

ဒစ်ဂျစ်တယ်နည်းပညာများအသုံးပြုမှုက တရုတ်နိုင်ငံ၏ COVID-19 ကပ်ရောဂါ ကာကွယ်ကုသရေးတွင် များစွာအသုံးဝင်ခဲ့ပါသည်။ ယခုအခါ တရုတ်နိုင်ငံက  ၄င်း၏လုပ်ငန်းများ အဆင့်မြှင့်တင်ရန်နှင့် အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း ထင်ရှားလာစေရန် လက်တွေ့စီးပွားရေးနှင့် ဒစ်ဂျစ်တယ်နည်းပညာများအား နက်နက်ရှိုင်းရှိုင်း ပေါင်းစည်းရေးကို မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။

စက်မှုကုန်ထုတ်လုပ်ငန်းများတွင် စမတ်နည်းပညာအား အသုံးပြုလာသည့် ခေတ်ရေ စီးကြောင်းအရ အချို့စက်ရုံများတွင် အပြောင်းအလဲများဖြစ်ပေါ်လာပါသည်။ အားကစားအဝတ် အထည်များ ထုတ်လုပ်သည့် ကုမ္ပဏီကြီးဖြစ်သည့် ANTA Sports ၏ ရှန်မန်ရှိစက်ရုံတွင် စက်များ၊ big dataနှင့် Internet of Things တို့၏ အစွမ်းကြောင့်  အလိုအလျောက်အထည် ချုပ်ခြင်း၊ လုပ်ငန်းတစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ခြင်း၊ အရည်အသွေးစစ်ဆေးခြင်း၊ အထည်စီခြင်း၊ အလေးအပင်မခြင်းစသည့် လုပ်ငန်းစဉ်ပေါင်း (၁၂) မျိုးကျော်ကို ဆောင်ရွက်ပေး နေပါသည်။  အထည်တစ်ထည်ကို လူကချုပ်ရာတွင် (၁၅) ရက်ခန့်ကြာမြင့်ရာမှ စက်အင်အား ဖြင့် ချုပ်ရာတွင် (၃) နာရီခွဲခန့်သာကြာမြင့်စေရန် လျှော့ချပေးနိုင်ပါသည်။  တရုတ်နိုင်ငံတွင် လုပ်ငန်းကြီးပေါင်း (၁,၅၀၀) ကျော်က ထိုကဲ့သို့ ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲမှုများမှတဆင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည်ဟု သိရပါသည်။

စက်မှုကုန်ထုတ်လုပ်ငန်းများကဲ့သို့ပင် ကျေးလက်ဒေသများ၌လည်း 5G ဆက်သွယ် ထားသည့် အာရုံခံကိရိယာများ၊ ကျေးရွာတစ်ဝိုက်တပ်ဆင်ထားသည့် ကင်မရာများ စသည်ဖြင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲမှုများ၏ အကူအညီများကြောင့် လုပ်ငန်းများ ပိုမိုထိရောက်လျက် ရှိပါသည်။ ၄င်းအထောက်အကူပြုပစ္စည်းများနှင့် နည်းပညာများအား အခြေခံအဆောက်အဦ များကို စောင့်ကြည့်ရန်၊ အထီးကျန်နေသော (သို့မဟုတ်) အကြီးအကျယ်နာမကျန်းဖြစ်နေသော သက်ကြီးရွယ်အိုများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန်၊ အပင်ပိုးမွှားကျခြင်းအခြေအနေ များအား ချက်ချင်းသိရှိနိုင်ခြင်းစသည်ဖြင့် လယ်ယာလုပ်ငန်းခွင်များအားကြီးကြပ်ရန်တို့ကို ဆောင်ရွက်လာနိုင်ကြပါသည်။ လယ်ယာလုပ်ငန်းခွင်များ၌ အဆိုပါနည်းပညာများကို အသုံး ပြုနိုင်သဖြင့် ပိုးမွှားများကြောင့် စိုက်ခင်း ပျက်စီးမှုများအားများစွာလျှော့ချနိုင်ကာ၊ တစ်မူ (mu) (ဟက်တာ ၀.၀၆၇ ခန့်)လျှင် ဝင်ငွေ ရရှိမှု ယွမ် (၃၀၀)မှ ယွမ်(၅၀၀)ကြားတိုးလာကြောင်း သိရပါသည်။ တရုတ်နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဒစ်ဂျစ်တယ်စိုက်ပျိုးရေးအဖြစ် ပြောင်းလဲလာမှုကြောင့် ဖွံ့ဖြိုးမှုအခွင့်အလမ်းအသစ်များ ပေါ်ထွက်လာကာ၊ သိသာထင်ရှားသည့် ဖွံ့ဖြိုးမှုများရရှိနိုင် မည်ဟုလည်း မျှော်လင့်ထားကြပါသည်။

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

ရင်းမြစ်၊ Xinhua (၂၆-၄-၂၀၂၁)

Loading