ပြည်ပသတင်းများ

အာဂျင်တီးနားအစိုးရ၏ အမဲသားတင်ပို့မှု ကန့်သတ်ချက် များကြောင့် ဘရာဇီးလ်တို့ အကျိုးဖြစ်ထွန်း

အမဲသားတင်ပို့မှုများအပေါ် စောင့်ကြည့်နိုင်မည့် မှတ်ပုံတင် စနှစ်အသစ်ကို စတင်ကျင့်သုံး တော့မည်ဖြစ်ကြောင်း အာဂျင်တီးနားအစိုးရကသတင်းထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံ၏ငွေကြေး  ဖောင်းပွမှုဖြစ်ပေါ်နေသည့် အခြေအနေများကို အာဂျင်တီးနားအစိုးရက ထုတ်ပြန်ကြေညာပြီး နောက်အဆိုပါ မှတ်ပုံတင်စနှစ်ကျင့်သုံးမည့်မူဝါဒကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ အခြေခံစားသောက် ကုန်ဈေးနှုန်းများမြင့်တက်နေမှုကို ရပ်တန့်ရန်အတွက် ပို့ကုန်ဆိုင်ရာတားမြစ်ကန့်သတ်ချက်များ အားအစိုးရကထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အစိုးရ၏ပို့ကုန်ကန့်သတ်ချက် ဆောင်ရွက်မှုများကြောင့် ပြည်တွင်း အသားဈေးနှုန်းများမှာ ပုံမှန်ဈေးနှုန်းအခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

အာဂျင်တီးနားအစိုးရ၏ ပို့ကုန်ကန့်သတ်မှုလုပ်ဆောင်ချက်များသည် ဘရာဇီးလ်နိုင်ငံ၏ အသားတင်ပို့မှုအတွက် ဈေးကွက်နေရာပိုမိုရရှိစေမည်ဖြစ်ကြောင်း လယ်ယာထွက်ကုန်ရောင်း ဝယ်ရေးကုမ္ပဏီ Safras မှ ဈေးကွက်သုတေသနပညာရှင် Fernando Iglesias က သတင်းဌာန သို့ ပြောကြားခဲ့သည်။ ကမ္ဘာ့အမဲသားဈေးကွက်တွင် ဘရာဇီးလ်နိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံတို့ သည် အဓိကပြိုင်ဘက်များဖြစ်ကြပြီး တရုတ်နိုင်ငံဈေးကွက်သို့လည်း အမဲသားအမြောက်အများ တင်ပို့လျက်ရှိသည်။ နိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှုရှိရန်အတွက် အာဂျင်တီးနားအစိုးရအနေဖြင့် မဟာဗျူဟာများရေးဆွဲ၍ ထိန်းချုပ်မှုများလုပ်ဆောင်လျက်ရှိပြီး အာဂျင်တီးနားအစိုးရ၏ ပို့ကုန် ကန့်သတ်ချက်များ ချမှတ်ကျင့်သုံးမှုသည် ဘရာဇီးလ်အမဲသားပို့ကုန်များအတွက် ဈေးကွက်အခွင့် အလမ်းများ ပိုမိုရရှိစေလျက်ရှိသည်။ ထို့အပြင် တရုတ်နိုင်ငံမှဝယ်ယူတင်သွင်းလျက်ရှိသည့် အမဲ သားဈေးကွက်တွင် ဘရာဇီးလ်အမဲသားပို့ကုန်များ ဈေးကွက်ပိုမိုရရှိကာပိုမိုတင်ပို့နိုင်မည်ဖြစ်သည်။

အာရှနိုင်ငံများသို့တင်သွင်းနေသည့် အသားဈေးကွက်တွင် အာဖရိကကြက်တုတ်ကွေး ရောဂါ၏ ရိုက်ခတ်မှုများလည်း ဖြစ်ပေါ်နေကြောင်း၊ ကြက်တုတ်ကွေးရောဂါရိုက်ခတ်မှုကြောင့်  ပြီးခဲ့သည့်လများအတွင်း အာဂျင်တီးနားနိုင်ငံမှအမဲသားများကို တရုတ်နိုင်ငံက အများအပြား ဝယ်ယူ တင်သွင်းခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏  အသားလိုအပ်ချက်မှာ လစဉ်မြင့်တက်လျက်ရှိ နေသဖြင့်အသားထုတ်လုပ် တင်ပို့နေသည့် မည်သည့်နိုင်မဆို တရုတ်နိုင်ငံသို့ တင်ပို့နိုင်မည့်အခွင့် အလမ်းများဖြစ်ပေါ်နေကြောင်း ဈေးကွက်သုတေသနပညာရှင်က သတင်းဌာနသို့ပြောကြားခဲ့သည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်နိုင်ငံ

သတင်းရင်းမြစ် – canalrural.com.br

Loading