ပြည်ပသတင်းများ

ဩစတြေးလျကုန်စည်များ တရုတ်နိုင်ငံက ဝယ်ယူဆဲဖြစ်

တရုတ်နိုင်ငံရှိ စားသုံးသူများသည် ဩစတြေးလျကုန်စည် များကို ဝယ်ယူသုံးစွဲရန် စိတ် ဝင်စားလျက်ရှိနေသေးကြောင်း၊ အထူးသဖြင့် ကုန်စည်များကို Influencers နှင့် လူမှုကွန်ယက် များပေါ်မှ အရောင်းမြှင့်တင်နိုင်ပါက ပိုမိုထိရောက်မည်ဖြစ်ကြောင်း e-Commerce Platform Aumake က ပြောကြားလိုက်ပါသည်။ ယနေ့ခေတ်တွင် လူငယ်များသည် သွားလာရင်းနှင့်ပင် ကုန်စည်များကို မိမိဖုန်းတွင် ရှာဖွေကြည့်ရှု၍ ဝယ်ယူလျက်ရှိကြရာ  ဩစတြေးလျကုန်အမှတ် တံဆိပ်များသည် လူငယ်မျိုးဆက်နှင့် ချိတ်ဆက်နိုင်မည့် နည်းလမ်းသစ်များကို ရှာဖွေသင့် ကြောင်း အကြံပြုထားပါသည်။ Aumake သည် ဩစတြေးလျကုန် အမှတ် တံဆိပ်ပေါင်း ၁၅၀ ကျော်ကို Online Platform မှတစ်ဆင့် ရောင်းချလျက်ရှိရာ နို့ထွက် ပစ္စည်းများ၊ ကျန်းမာရေး ဖြည့်စွက်ဆေးများနှင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အမျိုးသမီးများအတွက် ရည်ရွယ် ထုတ်လုပ်ထားသည့် အလှကုန်များ ပါဝင်ပါသည်။ အသားအရည်ထိန်းသိမ်းသည့် ကုန်စည်များ၊ ကျန်းမာရေးကောင်းမွန်သည့် အစားအသောက်များ တရုတ်နိုင်ငံဈေးကွက်အတွင်း ရောင်းချနိုင် ရန် မကြာသေးမီက မီဒီယာကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မတ်လအတွင်း ကြေညာခဲ့သော ဩစတြေးလျဝိုင်အပေါ် ၅ နှစ်ကြာ အကောက်ခွန်ကောက်ခံမည့် အစီအစဉ် ကြောင့် အေဒေါ်လာ ၁.၂ ဘီလီယံတန်ဖိုးရှိ ဝိုင်ဈေးကွက် နစ်နာခဲ့ရပြီး၊ မုယောစပါးအပေါ် ကောက်ခံသည့် တန်ပြန်စုပုံတင်သွင်းခွန်များကြောင့် အေဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ ပို့ကုန် ဈေးကွက်နစ်နာခဲ့ရပါသည်။ ဩစတြေးလျဖက်ကမှလည်း တရုတ်သို့ တင်ပို့သည့် ကုမ္ပဏီများ အနေဖြင့် နိုင်ငံရေး အကြောင်းပြချက်ကြောင့် အချိန်မရွေး အခက်အခဲကြုံနိုင်ကြောင်း သတိပေး ထားပါသည်။ ဩစတြေးလျ-တရုတ် စီးပွားရေးကောင်စီမှ တာဝန်ရှိသူတစ်ဦးက ဩစတြေးလျ ကျောက်မီးသွေး၊ အမဲသား၊ သစ်နှင့် ပင်လယ်စာတင်ပို့မှုများအပေါ် တရုတ်နိုင်ငံကကန့်သတ် ချက်များကို အာဃာတဖြင့် ပြုလုပ်လျက်ရှိကြောင်း ထုတ်ဖော်ပြောကြားထားပါသည်။

သို့သော် Aumake က တရုတ်နိုင်ငံ၊ ဟန်ကျိုးရှိ ဆိုရှယ်မီဒီယာ e-Commerce ကုမ္ပဏီ တစ်ခုနှင့် ပူးပေါင်း၍  တရုတ်နိုင်ငံတွင် ရေပန်းစားလျက်ရှိသော ကုန်စည်များကို ဖော်ထုတ်ကာ ရရှိသည့် အချက်အလက်များကို ဩစတြေးလျနိုင်ငံရှိ ကုမ္ပဏီများသို့ ပေးပို့၍ တရုတ်လူငယ် စားသုံးသူဈေးကွက်သို့ ရောင်းချနိုင်အောင် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ တွင် စားသုံးမှုပုံစံမှာ လျင်မြန်စွာ ပြောင်းလဲလျက်ရှိပါကြောင်း၊ အိုမင်းရင့်ရော်မှု ကာကွယ်သည့် ထုတ်ကုန်နှင့် ကော်လာဂျင်ထုတ်ကုန်သုံးစွဲမှု မြင့်တက်လာပါကြောင်း၊ တရုတ်ဈေးကွက် အတွင်း ဩစတြေးလျ အမှတ်တံဆိပ်များမှာ နည်းလမ်းဟောင်းများဖြင့် ကြေညာနေလျက်ရှိပါကြောင်း၊  ယနေ့ခေတ်တွင် ကျော်ကြားသော ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ ဖြစ်သည့် Influencers များ၏ အခန်းကဏ္ဍမှာ ကုန်စည်များ အရောင်းမြှင့်တင်ရေးအတွက် အရေးကြီး သော အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ ယခုကဲ့သို့ Aumake က တရုတ်နိုင်ငံရှိ ဆိုရှယ်မီဒီယာ e-Commerce ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းခြင်းဖြင့် တရုတ်နိုင်ငံရှိ Influencers ဈေးကွက်အတွင်းသို့ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအတွင်း ဆိုရှယ်မီဒီယာမှ တစ်ဆင့် ရောင်းချရာတွင် ၂၀၂၀ ပြည့်နှစ်က အမေရိကန်ဒေါ်လာ ၂၄၂ ဘီလီယံရောင်းချနိုင်ခဲ့ပြီး၊ ၂၀၂၁ ခုနှစ်တွင် ၃၆၃ ဘီ လီယံအထိ မျှော်မှန်းကာ ၂၀၂၃ ခုနှစ်တွင် ၄၇၈ ဘီလီယံအထိ မျှော်မှန်းထားကြောင်း သိရှိရ ပါသည်။

မြန်မာသံရုံး၊ ကင်ဘာရာမြို့

၂၀၂၁ ခုနှစ်၊ မေလ   ၃    ရက်

Source: The Australian: Business Review

Loading