ပြည်ပသတင်းများ

စင်ကာပူနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှု တိုးတက်လာစေရန် အတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု (R&D) လုပ်ငန်းများတွင် စင်ကာပူဒေါ်လာ ၂၃ သန်း ရင်းနှီးမြှုပ်နှံမည်

စင်ကာပူနိုင်ငံသည် စားနပ်ရိက္ခာဖူလုံမှု တိုးတက်ကောင်းမွန် လာစေရန် ရေရှည်တည်တံ့ သော မြို့ပြစားနပ်ရိက္ခာထုတ်လုပ်မှုဆိုင်ရာ R&D လုပ်ငန်း ၁၂ ခုတွင် စင်ကာပူဒေါ်လာ ၂၃ သန်း ရင်းနှီးမြှုပ်နှံသွားမည်ဟု စင်ကာပူစားနပ်ရိက္ခာအေဂျင်စီမှ သတင်းထုတ်ပြန်ခဲ့ပြီး၊ အဆိုပါ R&D လုပ်ငန်းများသည် ရေနေသတ္တဝါမွေးမြူခြင်းနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းတို့အပေါ် အကျိုး ဖြစ်ထွန်းလာစေမည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပြုတင်ပြလာခဲ့သော R&D လုပ်ငန်းများအနက်မှ ၈ ခုသည် ရေနေသတ္တဝါမွေး မြူရေးနှင့် သက်ဆိုင်ပြီး၊ ကျန် ၄ ခုမှာ  ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းနှင့် သက်ဆိုင်ကြောင်း၊ သုတေသနပြုလုပ်မည့် နယ်ပယ်များတွင် မွေးမြူမည့်ငါးများ၏ မျိုးရိုးဗီဇ၊ ကြီးထွားနှုန်း ကောင်းမွန်စေရန်အတွက်  အစာအဟာရဓာတ်လိုအပ်ချက်များ၊ အာရှဒေသရှိ “ကကတစ်ငါး” မျိုးတို့တွင် ဖြစ်ပွားလေ့ရှိသော “Scale Drop Disease Virus”  ရောဂါပိုးအတွက် ဆေးဝါး ဖော်ထုတ်ခြင်းစသည့် လေ့လာမှုများပါဝင်ကြောင်း၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုနှင့် စပ်လျဉ်း၍ မြေမဲ့/ အာဟာရရည်ဖြင့် စိုက်ပျိုးရာတွင် အထွက်နှုန်းမြင့်မားပြီး၊ အလေအလွှင့် သက်သာစေ ရန်အတွက် ကူညီပေးနိုင်သည့် အဟာရဓာတ် စိစစ်ခြင်းနှင့် ဟင်းသီးဟင်းရွက်ကျန်းမာရေးအား အချိန်နှင့် အမျှစောင့်ကြည့်ခြင်းတို့ကို နည်းပညာများ အသုံးပြု၍ ဆောင်ရွက်နိုင်ရေး လေ့လာမှု များပါဝင်ကြောင်း သိရှိရပါသည်။

ရာသီဥတု ပြောင်းလဲမှု၊ ကမ္ဘာ့လူဦးရေ တိုးပွားလာမှု၊ စိုက်ပျိုးမြေများ လျော့နည်း လာမှုစသည့် ဖြစ်စဉ်များသည် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုအပေါ် စိန်ခေါ်မှုများရှိလာသဖြင့် အနာဂတ်ကာလတွင် စားနပ်ရိက္ခာဖူလုံမှုရှိရေးအတွက် R&D လုပ်ငန်းများမှာ အဓိကကျပါ ကြောင်း၊ ယခုကဲ့သို့ R&D လုပ်ငန်း ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံ နိုင်မှုရှိသော၊ ရေရှည်တည်တံ့မှုရှိသော၊ ထိရောက်မှုနှင့် ကုန်ကျစရိတ်သက်သာမှုရှိသော တီထွင် ဆန်းသစ်မှုနည်းလမ်းများအား စင်ကာပူတွင်လက်တွေ့ အသုံးချဆောင်ရွက်သွားနိုင်သည် သာမက အခြားနိုင်ငံများသို့လည်း တိုးချဲ့ဆောင်ရွက်သွားနိုင်မည့် အလားအလာကောင်းများရှိကြောင်း စင်ကာပူစားနပ်ရိက္ခာအေဂျင်စီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr Lim Kok Thai မှ ပြောကြား ခဲ့ပါသည်။

မြတ်နိုး၊ စီးပွားရေးသံမှူး

စင်ကာပူ

သတင်းရင်းမြစ်။  The Straits Times

Loading