ပြည်ပသတင်းများ

မိုးသည်းထန်လျက်ရေကြီးမှုများကြောင့် သီးနှံစိုက်ဧရိယာ ဟက်တာ ၂၁ သိန်းကျော် ထိခိုက်ပျက်စီးကြောင်း အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီးက ပြောကြားခြင်း

အိန္ဒိယနိုင်ငံ၌ ၂၀၂၀-၂၀၂၁ ခုနှစ် မုတ်သုန်သီးနှံရာသီကာလ တွင် နိုင်ငံ၏မြောက်ပိုင်းရှိ နေရာဒေသအချို့မှအပ နိုင်ငံတစ်ဝန်းလုံး၌ မိုးကောင်းစွာရွာသွန်းခဲ့ခြင်းကြောင့် သီးနှံများ စိုက်ပျိုး မှုမှာ ယခင်နှစ်ကထက် ဧရိယာဟက်တာသိန်းပေါင်း ၆၀ ကျော် ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ခဲ့သော် လည်း ပြည်နယ်အချို့၌ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်းတို့ကြောင့် စိုက်ခင်းများ ထိခိုက်ပျက်စီး ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပါသည်။

အိန္ဒိယစိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများဖူလုံရေးဝန်ကြီး Mr. Narendra Singh Tomar က ၁၈-၉-၂၀၂၀ နေ့တွင် ကျင်းပသည့် ရာဂျာဆာဘလွှတ်တော်အစည်းအဝေး၌ ယခုနှစ်မိုးရာသီ၌ သီးနှံစိုက်ခင်းများ ထိခိုက်မှုဖြစ်ပေါ်သည့် အခြေအနေနှင့် ပတ်သက်၍ နိုင်ငံ အတွင်း ပြည်နယ် ၁၅ ခု၌ မိုးသီးနှံဧရိယာ ဟက်တာ ၂၁ သိန်းကျော်သည် ထိခိုက်ပျက်စီးခဲ့သည် ဟု တင်ပြခဲ့ကြောင်း သိရှိရပါသည်။

ရာဂျာဆာဘလွှတ်တော်သို့ ဝန်ကြီး Mr. Tomar က စာဖြင့်‌ ရေးသားတင်ပြမှုအား အိန္ဒိယသတင်းဌာနများမှ ဖော်ပြချက်အရ မိုးသည်းထန်လျက် ရေကြီးမှုများကြောင့် သီးနှံ စိုက်ခင်းများ ထိခိုက်ပျက်စီးသည့် ပြည်နယ်များအနက်ဘီဟာပြည်နယ်သည် ဟက်တာ ၉.၂၂ သိန်း ကျော်ဖြင့် စပါး၊ ပြောင်းနှင့် သစ်သီးဝလံဟင်းသီးဟင်းရွက်များ ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်ပေါ်ခဲ့ကြောင်း၊ ကာနာတကာပြည်နယ်၌ စပါး၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ဝါဂွမ်း၊ ပဲပုတ်စေ့နှင့် အခြားနှံစားသီးနှံများ စိုက်ပျိုးဧရိယာ ဟက်တာ ၃.၃၁ သိန်းခန့် ပျက်စီးမှုရှိကြောင်း၊ ဩရိသျှ ပြည်နယ်တွင် သီးနှံများ တတိယအများဆုံး ပျက်စီးမှုရှိပြီး စပါးနှင့် သစ်သီးဝလံပန်းမန် ဟက်တာ ၂.၂၁ သိန်းခန့်ထိခိုက်ခဲ့ကြောင်း၊ အာသံပြည်နယ်၌ စပါး၊ ပြောင်း၊ ဂုန်လျှော်နှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများ ဧရိယာ ဟက်တာ ၁.၉ သိန်းခန့် ထိခိုက်မှုရှိကြောင်း၊ မဟာရတ္ထပြည်နယ်တွင် ဝါဂွမ်း၊ နှံစားပြောင်း၊ ပဲစင်းငုံနှင့် နနွင်းစိုက်ခင်း ဟက်တာ ၁.၇ သိန်းခန့် ပျက်စီးကြောင်း၊ တဲလန်ဂါနာပြည်နယ်၌လည်း စပါး၊ ဝါ၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်း ပေါင်း ဟက်တာ ၁.၄၃ သိန်းကျော် ထိခိုက်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ သီးနှံစိုက်ခင်းများ ထိခိုက်ပျက်စီးမှုအပေါ် တောင်သူလယ်သမားများအနေဖြင့် သက်သာမှု ရရှိစေရန်အတွက် ပြည်နယ်များ၌ သဘာဝဘေးအန္တရာယ်တုန့်ပြန်ရေး ရန်ပုံငွေများ ကို ထူထောင်ထားပြီးဖြစ်ရာ သက်ဆိုင်ရာပြည်နယ်အစိုးရများက တာဝန်ယူဆောင်ရွက်ရန်ဖြစ် ကြောင်း၊ ထို့အပြင် ပြည်နယ်များ၌ ရန်ပုံ‌ငွေလုံလောက်မှုမရှိပါက ထိခိုက်ဆုံးရှုံးမှု များပြားသည့် ကိစ္စရပ်များအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ရန်ပုံငွေမှ ပံ့ပိုးမှုပြုနိုင်ကြောင်းဖြင့်လည်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးက ပြောဆိုခဲ့ပါသည်။

ယခုနှစ် မုတ်သုန်ရာသီကာလတွင် မိုးသည်းထန်လျက် ရေကြီးမှုများကြောင့် ဂူဂျရတ် နှင့် မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်တို့တွင် မြေပဲ၊ ဝါဂွမ်း၊ ပဲပုတ်စေ့နှင့် အခြားပဲမျိုးစုံ စိုက်ခင်းများမှာ ဟက်တာ ၇ သိန်းမှ ၈ သိန်းခန့်အထိ အသီးသီးရေလွှမ်းမိုးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပြည် တွင်းရှိ သတင်းဌာနများက ရေးသားဖော်ပြမှုများရှိကြသော်လည်း သက်ဆိုင်ရာပြည်နယ်အာဏာ ပိုင်များက အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနသို့ သတင်းပေးပို့မှု မရှိသေးကြောင်း သိရှိရပါသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့

Source:     1.  Heavy rains affected crops like paddy, pulses, oilseeds, vegetables, 18 Sept 2020, BusinessStandard

  1. Kharif area up, but rains hit standing crops in 15 states, 18 Sept 2020, The Hindu Business Line

Loading