ပြည်ပသတင်းများ

အိန္ဒိယဆန်များအား တရုတ်နိုင်ငံက ပြန်လည်စတင်ဝယ် ယူခြင်း

တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့်ဆန်များ ဝယ်ယူမှုကို ၂ နှစ်ကျော် ကြာ ရပ်ဆိုင်းခဲ့ရာမှ ယခုအခါ ဘာစမာတီမဟုတ်သော ဆန်များအား မှာယူခြင်းဖြင့် ပြန်လည်စတင် ခဲ့ကြောင်း အိန္ဒိယဆန်တင်ပို့သူလုပ်ငန်းရှင်များအသင်း (AIREA) က ထုတ်ဖော်ပြောကြားပါသည်။

အိန္ဒိယနိုင်ငံမှ ဆန်များ ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်မှုကို တရုတ်အစိုးရက ၂၀၀၆ ခုနှစ်၌ စတင်တံခါးဖွင့်ပေးခဲ့သော်လည်း အိန္ဒိယဘက်မှ ဘာစမာတီမဟုတ်သော ဆန် ၉၇၄ တန် ကို ၂၀၁၇-၂၀၁၈ ခုနှစ်တွင်သာ ဝယ်ယူတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ တရုတ်ကုန်သည် အချို့ထံမှ ဆန်ဝယ်ယူလိုကြောင်း စုံစမ်းမေးမြန်းမှုများကို လက်ခံရရှိလာခဲ့ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အောက်တိုဘာလအထိ ဘာစမာတီဆန် တန်ချိန် ၁၅၀ ခန့်ကိုသာ တရုတ် နိုင်ငံသို့ တင်ပို့ခဲ့ရာမှ လွန်ခဲ့သော ၂ လအတွင်း အမှာစာများ ထပ်မံရရှိပြီး အိန္ဒိယတောင်ပိုင်း ဒေသမှထွက်ရှိသည့် ဘာစမာတီမဟုတ်သောဆန် (ဆန်ကွဲ) တန်ချိန် ၅၀၀၀ အား တင်ပို့ခြင်းဖြစ် ကြောင်း၊ COVID-19 ကပ်ရောဂါကာလ၌ ဆန်အဓိကတင်ပို့သည့် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ တို့တွင် ထုတ်လုပ်မှုကျဆင်းခြင်းက ယခုကဲ့သို့ ဈေးကွက်အလှည့်အပြောင်း ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ လက်ရှိ အိန္ဒိယဆန်ဈေးကွက်၏ အခြေအနေမှာ အခြားသော ဆန်တင်ပို့သည့် နိုင်ငံများနှင့်ယှဉ်လျှင် ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်စွမ်း ကောင်းမွန်လျက်ရှိကြောင်းစသည်ဖြင့် AIREA အသင်းမှ အမှုဆောင်ဒါရိုက်တာ Mr. Vinod Kaul က ပြောကြားခဲ့ခြင်းဖြစ်သည်။

EconomicTimes သတင်းဌာန၏ ရေးသားဖော်ပြချက်အရ အိန္ဒိယရှိ ဆန်တင်ပို့သူ လုပ်ငန်းရှင်များသည် ၂၀၂၀-၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအတွင်း တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁ သိန်းကို ဈေးနှုန်းအားဖြင့် ၁ တန်လျှင် ဒေါ်လာ ၃၀၀ ခန့်ဖြင့် တင်ပို့ရန် စာချုပ် ချုပ်ဆိုခဲ့ကြကြောင်း၊ ၎င်းဆန်ကွဲများမှာ ခေါက်ဆွဲထုတ်လုပ်မှုနှင့် ဝိုင်အရက် ချက်လုပ်မှုတို့၌ အဓိကသုံးစွဲခြင်းဖြစ်ကြောင်း၊ အိန္ဒိယဆန်တင်ပို့သူ လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ Mr. B.V. Krishna Rao က အိန္ဒိယဆန်များ၏ အရည်အသွေးပေါ်မူတည်၍ ရှေ့လာမည့်နှစ်၌ တရုတ်နိုင်ငံ ဘက်မှ တိုးမြှင့် ဝယ်ယူရန် မျှော်မှန်းထားသည်ဟု ပြောဆိုကြောင်း၊ တရုတ်နိုင်ငံသည် နှစ်စဉ် ဆန်တန်ချိန် ၄ သန်းခန့်ကို တင်သွင်းလျက်ရှိသော်လည်း အိန္ဒိယနိုင်ငံထွက် ဆန်များအား အရည်အသွေး အကြောင်းပြချက်ဖြင့် ဝယ်ယူမှုမပြုပဲ ရှိနေခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိကာလ၌ ထိုင်း၊ ဗီယက်နမ်၊ မြန်မာနှင့် ပါကစ္စတန်နိုင်ငံများမှ ဆန်ဈေးနှုန်းသည် အိန္ဒိယမှ တင်ပို့သည့်ဆန် ဈေးနှုန်းထက် ၁ တန်လျှင် ဒေါ်လာ ၃၀ ခန့် ပိုမိုများပြားလျက်ရှိကြောင်း သိရှိရပါသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့

Source:   1.   China begins import of Indian rice after 2 years amid border tension, 2 Dec 2020, EconomicTimes

  1. China buys Indian rice for 1st time in decades as supplies tighten -India trade officials, 2 Dec 2020, EconomicTimes

Loading