ပြည်ပသတင်းများ

ကပ်ရောဂါ အကျပ်အတည်းကာလအတွင်း နယ်သာလန် နိုင်ငံ၌ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများကို လယ်သမားများ ထံမှ တိုက်ရိုက်ဝယ်ယူမှု ပိုမိုများပြား လာခြင်း

နယ်သာလန် နိုင်ငံသားများအနေဖြင့် စိုက်ပျိုးရေးထွက်ကုန် ပစ္စည်းများကို လယ်သမား များနှင့် စိုက်ပျိုးထုတ်လုပ်သူများထံမှ တိုက်ရိုက်ဝယ်ယူမှုသည် ကိုဗစ်-၁၉ ကပ်ရောဂါအကျပ် အတည်း ကာလအတွင်း သိသိသာသာမြင့်တက်လာကြောင်း၊ ပြီးခဲ့သည့် မတ်လမှစတင်၍ လယ်သမားများထံမှ စားသုံးသူများထံသို့ တိုက်ရိုက်ရောင်းချရမှုသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက (၂) ဆခန့် မြင့်တက်လာခဲ့ကြောင်း နယ်သာလန်နိုင်ငံ၏ ဈေးကွက်သုတေသန အစီရင်ခံစာများ အရ သိရပါသည်။ ယခုနှစ်တွင်  နယ်သာလန်နိုင်ငံရှိ အိမ်ထောင်စုများ၏ ငါးပုံတစ်ပုံခန့်က လယ်သမားများထံမှ တိုက်ရိုက်ဝယ်ယူခဲ့ကြပြီး၊ ယခင်နှစ်ကထက် (၁၀) ရာခိုင်နှုန်း ပိုမိုများပြားခဲ့ သည်ဟုဆိုသည်။

လယ်သမားများထံမှ တိုက်ရိုက်ဝယ်ယူကြသည့် ဖောက်သည်များ၏ (၇၀) ရာခိုင်နှုန်း မှာ  အသက်အရွယ်ကြီးသည့် ပုဂ္ဂိုလ်များဖြစ်သော်လည်း လူငယ်လူရွယ်များ၏ တိုက်ရိုက်ဝယ်ယူမှု အချိုးမှာလည်း (၂) ဆခန့် မြင့်တက်လာကြောင်း ဈေးကွက်သုတေသနများအရ သိရသည်။ အဆိုပါ အချက်မှာ နယ်သာလန်နိုင်ငံရှိ လယ်ယာထွက်ကုန်စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် အွန်လိုင်းမှ တစ်ဆင့် ရောင်းချမှုများ ပိုမိုမြင့်တက်လာခြင်းကြောင့် ဖြစ်နိုင်သည်ဟုဆိုသည်။ သို့ရာတွင် လယ်သမားများအနေဖြင့် လူပုဂ္ဂိုလ်ချင်းထိတွေ့ရောင်းချမှု (in-person sales) တွင်လည်း တိုးတက် မှုရှိနေကြောင်း၊ စားသုံးသူများအနေဖြင့် လယ်ယာစိုက်ခင်းများသို့ ကိုယ်တိုင်သွားရောက်၍ ပိုမို ဝယ်ယူလာကြပြီး၊ ယခင်နှစ်က စိုက်ခင်းသို့ တစ်ကြိမ်လာရောက်လျှင် ပျမ်းမျှ (၉.၅၀) ယူရို သုံးစွဲ ခဲ့ကြပြီး၊ ယခုနှစ်တွင် သုံးစွဲမှုသည် (၁၁.၃၀) ယူရိုသို့ တိုးတက်လာခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ လယ်သမားများထံသို့  တိုက်ရိုက်သွားရောက်ဝယ်ယူမှုပုံစံသည် ကိုရိုနာဗိုင်းရပ် အကျပ်အတည်းအလွန်ကာလတွင်လည်း ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိနေပြီး၊ စားသုံးသူများ အနေဖြင့် စိုက်ခင်းများသို့ သွားရောက်၍ ဒေသထွက်စိုက်ပျိုးရေးထုတ်ကုန်များကို လယ်သမား များထံမှ တိုက်ရိုက်ဝယ်ယူခြင်း၏ အကျိုးကျေးဇူးများကို ပိုမိုသတိပြုမိလာသည့်အခြေအနေကို တွေ့ရှိရကြောင်း သိရသည်။

ရင်းမြစ် – (နယ်သာလန်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading