ပြည်ပသတင်းများ

(၂၀၂၀) ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ကောက်ပဲသီးနှံ ထွက်ရှိမှု (၀.၉) ရာခိုင်နှုန်း ပိုမိုလာ

ယခုနှစ်အတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်းကောက်ပဲသီးနှံ ထုတ်လုပ်မှုမှာ ကီလိုဂရမ် (၆၆၉၅) ဘီလီယံသို့ ရောက်ရှိခဲ့ကာ၊ ယခင်နှစ်ကထက် ကီလိုဂရမ် (၅.၆၅) ဘီလီယံ (သို့မဟုတ်) (၀.၉) ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း အမျိုးသားစာရင်းအင်းဗျူရို၏ ထုတ်ပြန်ချက် အရ သိရပါသည်။

နိုင်ငံ၏ ကောက်ပဲသီးနှံထုတ်လုပ်မှုမှာ (၆) နှစ်ဆက်တိုက် တန်ချိန် (၆၅၀) ဘီလီယံ ကျော်လွန်သဖြင့် တရုတ်နိုင်ငံ၏ စားသုံးမှုဝယ်လိုအားကို ပြည့်မီသည့် အဆင့်ဖြစ်ကြောင်း စာရင်းအင်းဗျူရို၏ ကျေးလက်ရေးရာဌာနမှ ညွှန်ကြားရေးမှူး Li Suoqiang က မှတ်ချက်ပြု ပြောကြားပါသည်။

ကောက်ပဲသီးနှံထုတ်လုပ်မှုတွင် ဆန်၊ ဂျုံ၊ ပြောင်းစသည့် အဓိကသီးနှံများ၏ စုစုပေါင်း ရိတ်သိမ်းမှုမှာ ကီလိုဂရမ် (၆၁၆.၇၅) ဘီလီယံထိရှိခဲ့ကာ (၂၀၁၉) ခုနှစ်ကက် (၀.၅) ရာခိုင်နှုန်း ပိုမိုခဲ့ပါသည်။ ဆန်ထုတ်လုပ်မှုတွင် (၁.၁) ရာခိုင်နှုန်း၊ ဂျုံထုတ်လုပ်မှုတွင် (၀.၅) ရာခိုင်နှုန်း တိုးတက်လာသော်လည်း ပြောင်းထုတ်လုပ်မှုမျာ ကီလိုဂရမ် (၀.၁) ဘီလီယံ ခန့်အနည်းငယ် ကျဆင်းခဲ့ပါသည်။

ပဲပုပ်စိုက်ပျိုးရေးမှာမူ အစိုးရက မူဝါဒများဖြင့် ပံ့ပိုးပေးမှုကြောင့် (၂၀၁၉) ခုနှစ် ကနှင့် နှိုင်းယှဉ်ပါက (၅.၉) ရာခိုင်နှုန်းတိုးတက်လာကာ စိုက်ပျိုးမြေဟက်တာ (၅၉.၉၀) သန်းသို့ ရောက်ခဲ့ပါသည်။ ပဲပုပ်အထွက်နှုန်းမှာလည်း (၈.၃) ရာခိုင်နှုန်းတိုးတက်လာကာ ကီလိုဂရမ် (၁၉.၆) ဘီလီယံသို့ ရောက်ရှိခဲ့ပါသည်။

မကြာသေးမီက တရုတ်နိုင်ငံတွင် ကိုရိုနာကပ်ရောဂါဖြစ်ပွားခဲ့မှုနှင့် တောင်ပိုင်း ဒေသအချို့ ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့မှုကြောင့် စားနပ်ရိက္ခာလိုအပ်ချက် ဖြစ်ပေါ်နိုင်မှုအပေါ် စိုးရိမ်မှုများ ဖြစ်ပွားခဲ့ကြပါသည်။ သို့ရာတွင် အရေးပေါ်အခြေအနေစီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့မှုများအရ  ရေလွှမ်းမိုးမှုကြောင့် ကောက်ပဲသီးနှံစိုက်ပျိုးမြေ (၅) ရာခိုင်နှုန်းခန့်အပေါ် တွင်သာ သက်ရောက်ခဲ့ပြီး၊ (၁) ရာခိုင်နှုန်းသာ ပျက်စီးခဲ့ကြောင်း သိရပါသည်။

ရင်းမြစ်၊ CCTV.com (၁၁-၁၂-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading