ပြည်တွင်းသတင်းများ

မန္တလေးဈေးကွက် လယ်ယာထွက်ကုန် ရောင်းဝယ်မှု အခြေအနေ

ဆန်

မန္တလေးဈေးကွက်တွင် ယခုတစ်ပတ် ရန်ကုန်ပေါ်ဆန်းအသစ်များ စတင်ဝင်ရောက် ပြီး၊ တစ်တင်းခွဲတစ်အိတ်လျှင် ၃၇,၀၀၀ ကျပ်၊ အဟောင်း ၄၈,၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေပြီး၊ ရွှေဘိုပေါ်ဆန်းအသစ် မဝင်သေးသဖြင့် ဈေးတည်ငြိမ်နေကြောင်း သိရှိရပါသည်။ ငစိန်ဆန်နှင့် ဇီယာဆန်မှာ ကားလိုင်းများ ဖွင့်ထားသဖြင့် စွယ်တော်ကားဝင်းမှ အလုပ်သမားနှင့် ပွဲရုံအလုပ် သမားများ ချိတ်ဆက်ဝယ်ယူပြီး၊ wave money / K pay တို့ဖြင့် ငွေပေးချေပြီး၊ လက္ကားရောင်း ဝယ်မှုများ ပုံမှန်ရှိနေသဖြင့် ဆန်စပါးကုန်စည်ဒိုင် ပိတ်ထားသော်လည်းအဝင်ပုံမှန်၊ စားသုံးမှု ပုံမှန်ဖြင့် ဈေးတည်ငြိမ်နေကြောင်း သိရှိရပါသည်။ ယခုတစ်ပတ်တွင် မတ္တရာဘက်မှ မနောသုခ ဆန်များ အဝင်များသော်လည်း မိုးမိတ်၊ ရွှေကူသို့ တင်ပို့ရမှုရှိသဖြင့် မနောသုခဆန်ဈေးမသိ မသာမြင့်နေကြောင်း သိရှိရပါသည်။

ဆီထွက်သီးနှံ

ဆီထွက်သီးနှံများအနေဖြင့် မြေပဲ (လုံးဆန်/ ဆီဆန်) တို့မှာ ကသာ၊ ဗန်းမော်၊ ထီးချိုင့် တို့မှ အဝင်ရှိခြင်း၊ အရည်အသွေးပေါ်မူတည် ဈေးကွာခြားခြင်းကြောင့် လုံးဆန်ဈေးနှုန်းမသိ မသာမြင့်နေပြီး၊ ဆီဆန်မှာ ဆီစက်သမားပုံမှန်ဝယ်ယူမှုရှိသော်လည်း အသစ်ဝင်ရောက်မှုရှိပြီး၊ ဒေသအလိုက် အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားမှုရှိသဖြင့် ဈေးမသိမသာနိမ့်နေကြောင်း သိရှိရပါသည်။ နှမ်းအုပ်စုအနေဖြင့် နှမ်းညိုဆီစက်သမားပုံမှန်ဝယ်ယူမှုရှိသော်လည်း ဆောင်းနှမ်း ဝင်စပြုချိန်ဖြစ်ခြင်း၊ အက်ဆစ်ပါဝင်မှု တိုင်းတာပြီး၊ အက်ဆစ်ပါဝင်မှု အနည်းအများပေါ်မူတည် ၍ ဈေးကွာခြားမှုရှိခြင်းကြောင့် မသိမသာဈေးနိမ့်နေပြီး၊ နှမ်းနက်မှာ စိုက်ဧကနည်းခြင်း၊ နောက်မိုး လိုအပ်သဖြင့် အထွက်နည်းပစ္စည်းရှားခြင်း၊ တရုတ်ဝယ်လက် ရံဖန်ရံခါရှိသော်လည်း ဒေသအလိုက် အရည်အသွေးကွာခြားခြင်း၊ အက်ဆစ်ပါဝင်မှုအနည်းအများပေါ်မူတည်၍ ဈေးကွာခြားခြင်း ကြောင့် ဈေးတည်ငြိမ်နေကြောင်း သိရှိရပါသည်။ နှမ်းဖြူအနေဖြင့် စိုက်ဧကနည်း၊ အထွက်နည်း အဝင်နည်းပစ္စည်းရှားသော်လည်း အက်ဆစ်တိုင်းတာမှုရှိခြင်းကြောင့် အက်ဆစ်ပါဝင်မှုပေါ် မူတည်၍ ဈေးကွာခြားမှုရှိခြင်းကြောင့် ဈေးမသိမသာနိမ့်သွားကြောင်း သိရှိရပါသည်။

ပဲမျိုးစုံ

မန္တလေးဈေးကွက်တွင် ပဲမျိုးစုံဈေးနှုန်းများအနေဖြင့် မတ်ပဲဈေးနှုန်းမှာ မြို့တွင်း ပဲခွဲစက်သမားများသာ ဝယ်ယူပြီး၊ ပြည်ပပို့ရန် အဝယ်နည်းခြင်း၊ အသစ်ဝင်ရောက်မှုရှိခြင်း ကြောင့် ယခင်အပတ် (၃) တင်းတစ်အိတ်လျှင် ၁၀၈,၃၃၃ ကျပ်မှ ၁၀၁,၆၆၇ ကျပ်သို့ ဈေးနိမ့် သွားကြောင်း သိရှိရပါသည်။ တရုတ်ဝယ်လက် အဓိကရှိသော ပဲတီစိမ်းမှာ တရုတ်ဝယ်လက်၊ ရန်ကုန်ဝယ်လက်ရှိခြင်းကြောင့် (၃) တင်းတစ်အိတ်လျှင် ယခင်တစ်ပတ် ၁၂၇,၀၀၀ ကျပ်မှ ၁၂၉,၅၀၀ ကျပ်သို့ ဈေးမြင့်လာကြောင်း သိရှိရပါသည်။ ပဲစင်းငုံမှာ ပြည်ပတင်ပို့ရန် ဝယ်ယူမှုရှိ သော်လည်း ဈေးကွက်မျှော်လင့်ချက်ဖြင့် ဈေးထိမ်းရောင်းချခြင်းကြောင့် ပဲစင်းငုံ (ဖြူ/ နီ) နှစ်မျိုး လုံး ဈေးနိမ့်နေကြောင်း သိရှိရပါသည်။ ကုလားပဲ (လုံးဖြူကြီး/လုံးဝါကြီး/ခွဲခြမ်း) သုံးမျိုးလုံး လက်ကျန်နည်းခြင်း၊ အလှူအတွက် သုံးရန် အဝယ်များခြင်း၊ ခွဲစက်များဝယ်ယူမှုများခြင်းကြောင့် ကုလားပဲလုံးဝါကြီး (၃) တင်းတစ်အိတ်လျှင် ၈၀,၀၀၀ ကျပ်၊ ကုလားပဲလုံးဖြူကြီး ၉၀,၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်လာကြောင်း သိရှိရပါသည်။

စားဖိုဆောင်သီးနှံ

စားဖိုဆောင်သီးနှံများအနေဖြင့် ကြက်သွန်နီဈေးနှုန်းမှာ မြစ်သားမှ အသစ်ဝင်ရောက် ခြင်း၊ အစိုဓါတ်ပါဝင်မှုရှိခြင်းကြောင့် အကြီးတစ်ပိဿာလျှင် ၆၀၀ ကျပ်၊ အလတ်တစ်ပိဿာ လျှင် ၅၀၀ ကျပ်နှင့် အသေးတစ်ပိဿာလျှင် ၄၀၀ ကျပ်သို့ ဈေးနိမ့်သွားကြောင်း သိရှိရပါသည်။ ကြက်သွန်ဖြူ (မြေပြန့်နှင့် ရှမ်း)မှာ စိုက်ပျိုးထားဆဲကာလဖြစ်ခြင်း၊ လက်ကျန် အရည်အသွေး ပေါ်မူတည်၍ ဈေးကွာခြားခြင်းကြောင့် ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် ၂,၅၀၀ ကျပ်မှ ၂,၃၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး၊ မြေပြန့်မှာ တစ်ပိဿာလျှင် ၃,၀၀၀ ကျပ်မှ ၃,၂၀၀ ကျပ်သို့ ဈေးမြင့်နေကြောင်း သိရှိရပါသည်။ အာလူး (အိုကေ/အေဝမ်း/ဆွဲသီး) သုံးမျိုးလုံး အဝင်မရှိ အရောင်းအဝယ်ဖြစ်မှုနည်းကာ အမြင့်ဈေးဖြင့်ရှိနေပြီး၊ တရုတ်အာလူးများကိုသာ တစ်ပိဿာ လျှင် ၇၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရှိရပါသည်။ ငရုတ်ခြောက် (ရှည်နှင့်လတ်) မှာ အသစ်မဝင်သေးခြင်း၊ လက်ကျန်အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားခြင်းကြောင့် ဈေးနိမ့် နေပြီး၊ ငရုတ်ခြောက် (ပွ) မှာ ဧရာဝတီစ (Aircon) မှာ တစ်ပိဿာလျှင် ၁၃,၀၀၀ ကျပ်ဖြစ်ပြီး၊ မန္တလေးဝန်းကျင်မှ ထွက်သော လက်ကျန်များမှာ တစ်ပိဿာလျှင် ၈,၀၀၀ ကျပ်မှ ၉,၀၀၀ ကျပ် ဈေးဖြင့် ရောင်းဝယ်နေကြောင်း သိရှိရပါသည်။

ဟင်းသီးဟင်းရွက်

ဟင်းသီးဟင်းရွက်ဈေးနှုန်းအနေဖြင့် ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီဈေးအားလုံး နီးပါး မြင့်နေပြီး၊ ကုန်စိမ်းအဓိကပွဲရုံများရှိသော သီရိမာလာဈေးမှာ (၁၂-၁၂-၂၀၂၀ မှ ၁၈-၁၂-၂၀၂၀) အထိ ပိတ်ထားသဖြင့် ကုန်ကားကြီးများ မဝင်သဖြင့် အဝင်နည်းကာ စားသုံးမှုပုံမှန်ဖြစ်၍ ဈေးမြင့်နေရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သစ်သီးဝလံ

သစ်သီးဝလံဈေးနှုန်းအနေဖြင့် ဖရဲသီးနှင့် သခွားသီး၊ စိုက်ခင်းတွင်းဆင်း၍ ဝယ်ယူပြီး၊ တရုတ်သို့ တင်ပို့ချိန်ဖြစ်ခြင်း၊ စစ်ကိုင်း၊ ချောင်းဦးစိုက် သခွားမွှေးနှင့် ရွှေသခွားတို့အား ရေကြောင်း မှ ယူအေအီးနိုင်ငံများ၊ စင်္ကာပူနိုင်ငံသို့ အစမ်းတင်ပို့မှုရှိခြင်း၊ တရုတ်ကလည်း ဈေးပေးဝယ်ယူ ခြင်းတို့ကြောင့် ဈေးကွက်အတွင်း အရည်အသွေးကောင်းများ ဝင်ရောက်မှုနည်းပြီး ဈေးနိမ့်သွား ကြောင်း သိရှိရပါသည်။

ကုန်စည်စီးဆင်းမှုအခြေအနေ

မူဆယ်ကားဂိတ်မှ ကုန်စည်ပို့ဆောင်မှုအနေဖြင့် မူဆယ် (၁၀၅) မိုင် ဝမ်တိန်ဂိတ်မှ ပဲတီစိမ်းနှင့် နှမ်းတင်သော ကားတစ်နေ့လျှင် (၁၀၀) စီး ခန့်နှင့် ချင်းရွှေဟော်မှ ကားစီးရေ (၁၀၀) ကျော် နေ့စဉ်ထွက်ရှိပြီး၊ ချင်းရွှေဟော်မှ ကားခမှာ တစ်တန်လျှင် ၆၀,၀၀၀ ကျပ် ဖြစ်ပါသည်။ မုံရွာ၊ နွားထိုးကြီး၊ မိတ္ထီလာတို့မှ သခွားမွှေး၊ ဖရဲသီးတင်သော ကားများ တစ်နေ့လျှင် (၁၀၀) စီး ခန့်ထွက်ရှိပြီး၊ ကားခမှာ ခရီးအကွာအဝေးပေါ်မူတည်၍ (၁၀) သိန်း မှ (၁၃) သိန်း ရှိကြောင်း ကားဂိတ်မှ သိရှိရပါသည်။

                        (ဒေါ်ခင်မေကြည်၊ မန္တလေးဈေးကွက်တာဝန်ခံ)    

Loading