ပြည်ပသတင်းများ

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အကြီးအကဲအသစ်ခန့်အပ်မှုအား ကြိုဆိုခဲ့သည့် တရုတ်နိုင်ငံ

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ၎င်း၏ညွှန်ကြားရေးမှူးချုပ်အသစ် အဖြစ် နိုင်ဂျီးရီးယား နိုင်ငံမှ  စီးပွားရေးပညာရှင်နှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်းဖြစ်သူ NgoziOkonjo-Iweala အား ခန့်အပ်လိုက်ခြင်းအပေါ် တရုတ်နိုင်ငံက ဂုဏ်ပြုကြိုဆိုခဲ့ပါသည်။  COVID-19 ကပ်ရောဂါမှ စီးပွားရေးပြန်လည်နာလန်ထူလာရေးအတွက် တစ်ကမ္ဘာလုံးက ကြိုးပမ်းနေချိန်တွင်  ကမ္ဘာလုံး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရာ၌ အဖွဲ့ဝင်နိုင်ငံပေါင်း (၁၆၄) နိုင်ငံပါဝင်သည့် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့က ပိုမိုကြီးမားသော အခန်းကဏ္ဍမှပါဝင်ရန် တရုတ်နိုင်ငံက မျှော်လင့်ထား ပါသည်။

ညွှန်ကြားရေးမှူးချုပ်အသစ်သည် ယခုနှစ် မတ်လ (၁) ရက်နေ့မှ (၂၀၂၅) ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့အထိ တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားပါသည်။

Okonjo-Iwealaမှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန် ထမ်းဆောင်သော ပထမဆုံးအမျိုးသမီးဖြစ်ပြီး၊ ပထမဆုံးအာဖရိကလူမျိုးလည်း ဖြစ်ပါသည်။  သူမအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ပြည်သူ့ကျန်းမာရေး တို့အတွက် နှစ် (၃၀) ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး စီမံခန့်ခွဲရေးအတွေ့အကြုံကောင်းများကို လည်း ရရှိထားပါသည်။  သူမအား တာဝန်ပေးလိုက်ခြင်းမှာ  အများပြည်သူတို့၏ လေးစားမှုကို ကျယ်ကျယ်ပြန့်ပြန့်ရရှိလိုက်ခြင်းဖြစ်ပါသည်။

ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာကပ်ရောဂါ ကျရောက်ဖြစ်ပွားနေဆဲဖြစ်ရာ နိုင်ငံစုံ ကုန်သွယ်ရေးစနစ်တွင် စိန်ခေါ်မှုကြီးများနှင့် ရင်ဆိုင်နေရရာ ယခုခန့်အပ်လိုက်သည့် ညွှန်ကြားရေးမှူးချုပ် စတင်တာဝန်ထမ်းဆောင်ပြီး မကြာမြင့်မီအချိန်အတွင်း ပုံမှန်လည်ပတ် ဆောင်ရွက်မှုများစတင်နိုင်မည်ဟု တရုတ်နိုင်ငံကမျှော်လင့်ထားပါသည်။ ထို့ပြင်ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့က နိုင်ငံစုံကုန်သွယ်ရေးစနစ်၏ ထိရောက်မှုအား မြှင့်တင်ရန်နှင့် ထိန်းသိမ်းရန်၊ လိုအပ်သော ပြုပြင်ပြောင်းလဲမှုများအား မြှင့်တင်ရန်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တွင် ပိုမိုကြီးမားသော အခန်းကဏ္ဍအဖြစ် ပါဝင်ရန်လည်း တရုတ်က မျှော်လင့်ထားပါသည်။

ယခုနှစ်မှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တရုတ်နိုင်ငံက အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ သည့် နှစ် (၂၀) မြောက်နှစ်ဖြစ်သည့်အပြင် တရုတ်နိုင်ငံက ၎င်း၏ဖွွံ့ဖြိုးတိုးတက်မှု အရွေ့အသစ် အား စတင်ဆောင်ရွက်နေသည့်အချိန်ဖြစ်ရာ ကမ္ဘာသို့ အခွင့်အလမ်းအသစ်များ ဆောင်ကြဉ်း လာ မည်ဖြစ်ပါသည်။ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံစုံကုန်သွယ်ရေးနစ်အား ခိုင်မာစွာ လက်ကိုင် ပြုလျက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ပြုပြင်ပြောင်းလဲမှုတွင် တက်ကြွစွာပါဝင်ကာ ညွှန်ကြားရေးမှူးချုပ် အသစ်၏ အခန်းကဏ္ဍအား ပံ့ပိုးပေးသွားပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်စေရေးနှင့် ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူများ၏သာယာဝပြော ရေးအား မြှင့်တင်ရေးတို့တွင် ပိုမိုပါဝင်ဖြည့်ဆည်းပေးနိုင်ရန် ကူညီသွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

ရင်းမြစ်၊ China Daily (၁၇-၂-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading