ပြည်ပသတင်းများ

ဈေးကွက်ဝယ်လိုအားကို ထိန်းနိုင်ရန်အတွက် ပဲပုတ်စေ့ ဈေးနှုန်းများ မြှင့်တင်ရန် လိုအပ်ကြောင်း Severo ပြောကြား

ပဲပုတ်စေ့သီးနှံသင်္ဘောတင်ပို့မှု နောက်ကျခြင်းများကြောင့် မတ်လတွင် စာရင်း ရှင်းလင်းရမည့် အရောင်းအဝယ်စာချုပ်များအတွက် လျှော်ကြေးများပေးရဖွယ်ရှိကြောင်း အကြံပေးကုမ္ပဏီ SIM မှ ညွှန်ကြားရေးမှူး LionesSevero ၏ သုတေသနစာတမ်းတွင် ဖော်ပြထားသည်။ မတ်လတွင် သင်္ဘောတင်ပို့ရမည့် ပဲပုတ်သီးနှံမှာ တန်ချိန် ၁၁ သန်းကျော် ရှိကြောင်း၊ ပဲပုတ်ကို စားသုံးရန်အတွက်သာ စိုက်ပျိုးထုတ်လုပ်ခြင်း မဟုတ်သဖြင့် ဈေးနှုန်း သတ်မှတ်ချက်သည် အဓိကအချက်မဟုတ်ကြောင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့ သည့် News Agrícolas နှင့် တွေ့ဆုံဆွေးနွေးမှုတွင် ပြောကြားခဲ့သည်။

Chicago Stock Exchange ၌ ဖြစ်ပေါ်နေသည့် ဆီထွက်သီးနှံဈေးနှုန်းများ မြင့်တက် နေမှုကို ကျဆင်းစေရန်အတွက် လတ်တလောအချိန်တွင် လုံလောက်သောပဲပုတ်စေ့ ပို့ကုန် တင်ပို့နိုင်မှုမရှိကြောင်း၊ အဆိုပါဈေးကွက်ဝယ်လိုအား အလွန်အမင်းမြင့်တက်နေမှုကို ထိန်းနိုင် ရန်အတွက် သီးနှံဈေးနှုန်းများ မြှင့်တင်ရန်နှင့် စားသုံးမှုလျှော့ကျအောင် ဆောင်ရွက်သင့် ကြောင်း Severo က ပြောကြားခဲ့သည်။

ပဲပုတ်စေ့ ပုံမှန်စိုက်ပျိုးရိတ်သိမ်းချိန်အချိန်ဇယားအရ အောက်တိုဘာလမှ ဖေဖော်ဝါရီ လအတွင်း တရုတ်နိုင်ငံ၏ ဝယ်လိုအားမြင့်တက်လေ့ရှိကြောင်း၊ ယခင်နှစ်တွင် ပဲပုတ်စေ့တန်ချိန် ၁၀၀ သန်းအား တရုတ်နိုင်ငံက ဝယ်ယူတင်သွင်းခဲ့ပြီး ယခုနှစ်တွင် တန်ချိန် ၁၁၅ သန်းအထိ တင်သွင်းနိုင်ခြေရှိကြောင်း ၎င်းပညာရှင်က ပြောကြားခဲ့သည်။

Severo ၏ သုတေသနပြုချက်အရ သီးနှံလက်ကျန်နည်းပါးမှုကြောင့် ယခုနှစ် ရာသီချိန်တွင် ပဲပုတ်စေ့အဈေးနှုန်းသည် သမိုင်းတွင်အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့ ကြောင်း၊ထို့ကြောင့်ဖြစ်ပေါ်လာမည့် ဈေးကွက်ဝယ်လိုအားအပေါ် ကန့်သတ်ခြင်းများ လုပ်ဆောင် ရန်လိုအပ်ကြောင်း၊ အဆိုပါဆောင်ရွက်မှုကို ပဲပုတ်စေ့သာမကအခြားသီးနှံများဖြစ်သည့် ပြောင်း နှင့် ဆီထွက်သီးနှံများအပေါ်တွင်လည်း ဆောင်ရွက်သင့်ကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့ပဲပုတ်စေ့ တင်သွင်းမှုသည် တစ်နှစ်လျင် တန်ချိန် ၂,၇၀၀ သန်းခန့်ရှိကြောင်း၊  ၎င်းတို့တွင် ဘရာဇီးလ်နိုင်ငံ၏ တင်ပို့မှုသည် တန်ချိန် ၁၅၀၀ အထိရှိကြောင်း၊ တင်ပို့မှုစုစုပေါင်း ၏ တန်ချိန် ၁၀၀၀ ခန့်မှာ တရုတ်နိုင်ငံက တင်သွင်းကြောင်း၊ အခြားတန်ချိန် ၅၀၀ ခန့်မှာ တူရကီ၊ ဘင်္ဂလားဒေ့ရှ်၊ မက္ကဆီကိုနှင့် စပိန်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း လေ့လာမှုစာတမ်းတွင် ဖော်ပြထားသည်။ ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ်ဈေးနှုန်းနှင့် အရည်အသွေးသည် အမေရိကန်မှ တင်ပို့သည့် ပဲပုတ်စေ့ထက် နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မှု ပိုမိုကောင်းမွန်ကြောင်း သုတေသန စာတမ်းတွင် ဖော်ပြထားသည်။

၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံမှ ထွက်ရှိသည့် ပဲပုတ်စေ့၏ ၃၀ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့ခဲ့ကြောင်း၊ ယခုနှစ်တွင် အမေရိကန်နိုင်ငံ၏ ပဲပုတ်စေ့သီးနှံရိတ်သိမ်းချိန်မတိုင်မီ အထိ ကမ္ဘာ့ဈေးကွက်တွင် ဘရာဇီးလ်နိုင်ငံမှ တင်ပို့သည့်ပဲပုတ်စေ့များကိုသာ ရောင်းဝယ်ကြ ကြောင်း၊ ထို့ကြောင့် ၎င်းကာလတွင် ကမ္ဘာ့ပဲပုတ်ဈေးကွက်၌ဈေးကောင်းရရှိကြောင်း Severo ၏ သုတေသနစာတမ်းတွင်ဖော်ပြထားသည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်နိုင်ငံ

သတင်းရင်းမြစ် – Soybeans: Prices need to reach higher levels to contain demand, Severo says, www.noticiasagricolas.com.br

Loading