ပြည်ပသတင်းများ

ကိုရီးယားသမ္မတနိုင်ငံ၌ COVID-19 ကာကွယ်ဆေးထိုးပြီး သူများအား (၁၄) ရက် Self-Quarantine မှကင်းလွတ် ခွင့်ပြုမည်

ကိုရီးယားသမ္မတနိုင်ငံအစိုးရမှ အသိအမှတ်ပြုထားသော COVID-19 ကာကွယ်ဆေးကို သတ်မှတ်အရေအတွက် ပြည့်မီစွာထိုးပြီးသူများအား ၂၀၂၁ ခုနှစ်၊ မေလ (၅) ရက်နေ့မှ စတင်၍ (၁၄) ရက် Self-Quarantine နေထိုင်ရခြင်းကို ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း (၂၈-၄-၂၀၂၁) ရက် နေ့တွင်တောင်ကိုရီးယားကျန်းမာရေးအာဏာပိုင်များ၏ထုတ်ဖော်ပြောကြားချက်အရသိရှိရပါသည်။

ပုံမှန်အားဖြင့် ကိုးရီးယားသမ္မတနိုင်ငံ၏ ကူးစက်ရောဂါကာကွယ်ရေး စည်းကမ်းများအရ COVID-19 ရောဂါကူးစက်ခံရသူ တစ်ဉီးဉီးနှင့်ထိတွေ့မိလျှင်သော်လည်းကောင်း၊ ပြည်ပမှ ကိုရီးယား သမ္မတနိုင်ငံသို့ ဝင်ရောက်ရာတွင်လည်းကောင်း Self-Quarantine (၁၄) ရက် နေထိုင်ရမည်ဖြစ်ရာ၊ ယခုထုတ်ပြန်ချက်အရ ကာကွယ်ဆေးထိုးပြီးလျက် ရောဂါပိုးမရှိကြောင်း စစ်ဆေးပြီးပါက (၁၄) ရက် နေထိုင်ခြင်းအား ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပါသည်။ သို့ရာတွင် ကိုရီးယားသမ္မတနိုင်ငံမှ အသိအမှတ် မပြုထားသော ကာကွယ်ဆေးများထိုးထားသူများ၊ အဆိုပါဆေးများအားအသုံးပြုထားသည့် ပြည်ပ နိုင်ငံမှလူပုဂ္ဂိုလ်များ အကျုံးမဝင်ကြောင်း၊ ထို့ပြင် COVID-19 မျိုးကွဲကူးစက်ရောဂါကူးစက်မှုအများ ဆုံးဖြစ်ပေါ်လျက်ရှိသော တောင်အာဖရိကနိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံများမှ ကိုရီးယားသမ္မတ နိုင်ငံသို့ ဝင်ရောက်လာမည့်ခရီးသည်များအတွက် အကျုံးဝင်ခြင်းမရှိကြောင်း လေ့လာသိရှိရပါသည်။

ကိုရီးယားသမ္မတနိုင်ငံအစိုးရသည် COVID-19 ကာကွယ်ဆေးထိုးခြင်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး၊ ဉီးစားပေးအဆင့်အလိုက် ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ပြည်သူ (၇၀) ရာခိုင်နှုန်းခန့်ကို COVID-19 ကာကွယ်ဆေးထိုးပြီးရေး လျာထား၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။ ကာကွယ်ဆေးများကိုလည်း နိုင်ငံ၏လူဉီးရေထက် (၂) ဆပိုမိုသော လူဉီးရေ (၁၀၀) သန်းအတွက် ကာကွယ်ဆေး (၁၉၂) သန်းခန့်ကို စာချုပ်ချုပ်ဆို၍ လုံလောက်စွာ ဝယ်ယူထားပြီးဖြစ်ပါသည်။

သို့ရာတွင် Astrazeneca ကာကွယ်ဆေးထိုးပြီးသည့်နောက် ဘေးထွက်ဆိုးကျိုးခံစားရ ခြင်းဖြစ်စဉ်များနှင့် သွေးခဲသေဆုံးသည့်ဖြစ်စဉ်အချို့တို့ကြောင့် အချို့ပြည်သူများသည် COVID-19 ကာကွယ်ဆေးထိုးရန် ငြင်းဆန်ကြကြောင်း၊ (၂၇-၄-၂၀၂၁) ရက်နေ့တွင် အသက် (၃၀) အထက်ရှိ ပြည်သူ့ရဲများ၊ မီးသတ်ဝန်ထမ်းများ၊ ကမ်းရိုးတန်းစောင့်ရှောက်ရေးဝန်ထမ်းများပါဝင်သော ဝန်ထမ်း (၁၇၅,၀၀၀) အနက် လူဉီးရေ၏ (၅၈) ရာခိုင်နှုန်းသည်သာ ကာကွယ်ဆေးထိုးရန် သဘောတူခဲ့ ကြောင်း၊  တောင်ကိုရီးယား ကျန်းမာရေးအာဏာပိုင်များအနေဖြင့် ကာကွယ်ဆေးထိုးရေးလုပ်ငန်း စဉ်ကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေသည့်အတွက် Self-Quarantine လုပ်ငန်းစဉ်ကို ဖြေ လျှော့ပေးခြင်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

ကိုရီးယားသမ္မတနိုင်ငံတွင် Astrazeneca၊ Pfizer နှင့် Johnson & Johnson တို့မှထုတ် လုပ်သော COVID-19 ကာကွယ်ဆေးများသည် သက်ဆိုင်ရာ Ministry of Food & Drug Saftey (MFDS) မှအသိအမှတ်ပြုကြောင်း အတည်ပြုချက်ရရှိပြီးဖြစ်ပြီး၊ Moderna နှင့် Novavax မှ ထုတ် လုပ်သော ကာကွယ်ဆေးများသည် အတည်ပြုချက် မရရှိသေးပါ။ ထို့ပြင် ကိုရီးယားသမ္မတနိုင်ငံမှ အသိအမှတ် မပြုထားသော COVID-19 ကာကွယ်ဆေးများ  ဥပမာအားဖြင့်- ရုရှားနိုင်ငံမှ ထုတ်လုပ်သော Sputnik V နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm ကဲ့သို့သော ကာကွယ်ဆေးများသည် အကျုံးမဝင်ကြောင်း၊ အခြားသောနိုင်ငံများမှ ကာကွယ်ဆေး ထိုးပြီးသည့် လူပုဂ္ဂိုလ်များအတွက် Self-Quarantine ဆိုင်ရာ စည်းမျဉ်းများကို သက်ဆိုင်ရာ နိုင်ငံများနှင့်ညှိနှိုင်း၍ တစ်ဖြည်းဖြည်းဆက်လက် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။

လက်ရှိစည်းမျဉ်းအရ ကိုရီးယားသမ္မတနိုင်ငံသို့ ပြည်ပမှ ဝင်ရောက်လာသူအားလုံးသည် မိမိ၏နေအိမ် (သို့မဟုတ်) အစိုးရမှ သတ်မှတ်ထားသောနေရာများတွင် (၁၄) ရက်ကြာသီးခြားနေ ရန်လိုအပ်ပါသည်။ မေလ (၅) ရက်နေ့မှစ၍  COVID-19 ကာကွယ်ဆေးထိုးပြီးသူများသည် (၁၄) ရက်ကြာသီးခြားနေထိုင်ရန် မလိုအပ်တော့သော်လည်း ဆေးထိုးပြီးချိန်တွင် (၁၄) ရက်ကြာ စောင့် ကြည့်မှုခံယူရန်၊ ကျန်းမာရေးအာဏာပိုင်များထံသို့ ကျန်းမာရေးအခြေအနေကို နေ့စဉ်သတင်းပို့ရန် နှင့် အဆိုပါကာလအတွင်း COVID-19 စစ်ဆေးမှုကို (၂)ကြိမ် ဆောင်ရွက်ရန် လိုအပ်ပါသည်။                  ကိုရီးယားသမ္မတနိုင်ငံ၊ Korea Disease Control & Prevention Agency (KCDA) ၏         (၂၉-၄-၂၀၂၁) ရက်နေ့၊ (၀၀:၀၀) နာရီအချိန်အထိ စာရင်းအရ COVID-19 နေ့စဉ်ကူးစက်မှုဉီးရေ (၆၈၀) ဉီး၊ သေဆုံးသူ (၄) ဉီးဖြစ်ပြီး စုစုပေါင်းရောဂါပိုးကူးစက်ပြီးသူ (၁၂,၁၃၅) ဉီးနှင့် စုစုပေါင်း သေဆုံးခဲ့သူ (၁,၈၂၅) ဉီး ရှိပြီဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှစ၍ ယခုအချိန်အထိ ပြည်သူ (၂.၆) သန်းနီးပါး (သို့မဟုတ်) လူဉီးရေ (၅၂) သန်း၏ (၅) ရာခိုင်နှုန်းအား COVID-19 ကာကွယ်ဆေး၏ ပထမ Dose ကိုထိုးပေးခဲ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။

ဝင်းပပသူ၊ စီးပွားရေးသံမှူး

 ဆိုးလ်မြို့

Source: The Korea Times၊ The Korea Herald (29-4-2021)

Loading