ပြည်ပသတင်းများ

ဘရာဇီးလ်နိုင်ငံတွင် ဧပြီလစတုတ္ထပတ်အတွင်း ဖော်ပြခဲ့သော သတင်းများမှ စီးပွားရေးဆိုင်ရာသတင်းများ ကောက်နှုတ် တင်ပြခြင်း

အာဂျင်တီးနားနိုင်ငံ၏ ဂျုံဈေးနှုန်းများကြောင့် ဘရာဇီးလ် ဂျုံထုတ်လုပ်သူများ၏ စိတ်ဝင်စားမှု မြင့်တက်

ဘရာဇီးလ်နိုင်ငံ၏ ဂျုံဈေးကွက်တွင် အရောင်းအဝယ်များ အေးစက်လျက်ရှိနေသဖြင့်  ပြည်တွင်းရှိ ဂျုံမှုန့်အသုံးပြုသည့်စက်ရုံများမှ ဝယ်ယူအသုံးပြုမှုမြင့်တက်လာစေရန် ဆွဲဆောင်မှု များလုပ်ဆောင်လျက်ရှိကြောင်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေးနှင့် အကြံပေးကုမ္ပဏီ Safras & Mercado မှ သုတေသနမှူး Jonathan Pinheiro က သတင်းဌာနသို့ ပြောကြားခဲ့သည်။ ပြည်တွင်းမှ ထွက်ရှိသည့်ဂျုံမှုန့်များသည် သယ်ယူပို့ဆောင်စရိတ်များနည်းပါးသော်လည်း အနည်း ငယ်သာထုတ်လုပ်သဖြင့် ပြည်ပမှတင်သွင်းသည့်ဂျုံမှုန့်အပေါ်တွင်သာ အဓိကမှီခိုနေရသည်။

ဘရာဇီးလ်နိုင်ငံသို့ ဂျုံမှုန့်အဓိကတင်သွင်းလျက်ရှိသည့် အာဂျင်တီးနားနိုင်ငံတွင် ပြည် တွင်းဂျုံမှုန့်ဈေးနှုန်းများ သိသိသာသာမြင့်တက်လျက်ရှိရာ ဘရာဇီးလ်နိုင်ငံရှိ ဂျုံမှုန့်ဈေးကွက် အပေါ်တွင်လည်း ရိုက်ခတ်မှုများရှိနေသည်။ ပြည်တွင်းဂျုံမှုန့်ဈေးနှုန်းများ မြင့်တက်နေမှုကြောင့် အာဂျင်တီးနားနိုင်ငံ၏ ဂျုံမှုန့်တင်ပို့မှုအား ထိခိုက်နိုင်မှုအပေါ်တွင်လည်း ဘရာဇီးလ်ဝယ်လက် များက စိုးရိမ်ပူပန်လျက်ရှိကြောင်း Jonathan Pinheiro က သတင်းဌာနသို့ ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် ပထမ ၃ လပတ်ကာလတွင် အာရှသည် ဘရာဇီးလ်နိုင်ငံ၏ သကြားပို့ကုန်များ အတွက် အဓိကဈေးကွက်ဖြစ်ခဲ့

၂၀၂၁ ခုနှစ်၏ ပထမ ၃ လပတ်ကာလတွင် ဘရာဇီးလ်နိုင်ငံမှ သကြားတန်ချိန် ၅,၈၀၆,၇၉၂ တင်ပို့ခဲ့ပြီး ဘရာဇီးလ်နိုင်ငံ၏ တင်ပို့ကုန်များအနက် စတုတ္ထမြောက် အများဆုံး တင်ပို့မှုဖြစ်ကြောင်း Comexstat မှ ထုတ်ပြန်သောအချက်အလက်များတွင် ဖော်ပြခဲ့သည်။ အဆို ပါသကြားတင်ပို့မှုမှ နိုင်ငံ၏ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၈၃၉ ဘီလီယံ ရရှိခဲ့သည်။ သကြားကို São Paulo ပြည်နယ်တွင် အများဆုံးထုတ်လုပ်ပြီး စုစုပေါင်းပမာဏ၏ ၆၄ ရာခိုင်နှုန်း၊ Paraná ပြည်နယ် တွင် ၆.၅ ရာခိုင်နှုန်း၊ Minas Gerais ပြည်နယ်တွင် ၈.၁၁ ရာခိုင်နှုန်းထုတ်လုပ်ပြီး အခြားပြည်နယ်များတွင်လည်း အနည်းငယ်စီထုတ်လုပ်ကြသည်။

အာရပ်နိုင်ငံများနှင့်အာရှနိုင်ငံများသည် ဘရာဇီးလ်နိုင်ငံ၏ သကြားပို့ကုန်များအတွက် အဓိကဈေးကွက်များ ဖြစ်ကြသည်။  မူစလင်ဘာသာအများစုကိုးကွယ်ပြီး ဟာလာအသိအမှတ် ပြုထုတ်ကုန်များကိုသာ အဓိကစားသုံးသည့် အင်ဒိုနီးရှားနိုင်ငံ၏ သကြားဝယ်ယူတင်သွင်းမှု သည် အမေရိကန်ဒေါ်လာ ၁၇၄ သန်း တန်ဖိုးရှိပြီး ဘရာဇီးလ်နိုင်ငံ၏ စုစုပေါင်းသကြားတင်ပို့မှု ၏ ၉.၅ ရာခိုင်နှုန်းရှိသည်။ သကြားအများဆုံးဝယ်ယူတင်သွင်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဘရာဇီးလ်နိုင်ငံမှ စုစုပေါင်းပို့ကုန်ပမာဏ၏ ၁၀ ရာခိုင်နှုန်းကို တင်သွင်းခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၈၄ သန်း တန်ဖိုးရှိခဲ့သည်။ အယ်လ်ဂျီးရီယားနိုင်ငံသည် ၈.၃ ရာခိုင်နှုန်း တင်သွင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၅၂ သန်းတန်ဖိုး ရှိခဲ့သည်။

ဧပြီလ ပထမ ၂ ပတ်ကာလတွင် ဘရာဇီးလ်နိုင်ငံ၏ သကြားထုတ်လုပ်မှု ၃၈ ရာခိုင်နှုန်းကျဆင်း

ဘရာဇီးလ်နိုင်ငံအလယ်ပိုင်း၏ တောင်ဘက်ခြမ်းတွင် ၂၀၂၁-၂၀၂၂ ခုနှစ် ရိတ်သိမ်း ရာသီချိန်ဖြစ်သည့် ဧပြီလ ပထမ ၂ ပတ်ကာလအတွင်း ကြံရိတ်သိမ်းပြီးစီးမှုပမာဏသည် တန်ချိန် ၁၅.၆၂၈ သန်းသာရှိခဲ့သဖြင့် ၃၀.၅၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သကြားစက်လုပ်ငန်း ရှင်များအသင်း (Sugarcane Industry Union – UNICA) ၏သတင်းတွင် ဖော်ပြခဲ့သည်။ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလကာလတူတွင် ကြံရိတ်သိမ်းပြီးစီးမှုပမာဏသည် တန်ချိန် ၂၂.၅၁ သန်း ရှိခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဧပြီလ ပထမ ၂ ပတ်ကာလအတွင်း သကြားထုတ်လုပ်မှုသည် တန်ချိန် ၆၂၄,၀၀၀ ရှိခဲ့ပြီး ယခင်နှစ်ကာလတူတွင်ထုတ်လုပ်ခဲ့သည့် ၉၇၁,၀၀၀ တန်နှင့်နှိုင်းယှဉ်ပါက ၃၅.၇၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အီသနောလီတာ ၇၃၁ သန်း ထုတ်လုပ်ခဲ့ပြီး ယခင်နှစ်ကာ လတူနှင့် နှိုင်းယှဉ်ပါက ၂၅.၉၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

သကြားထုတ်လုပ်ရန်အတွက် ကြံရိတ်သိမ်းပြီးစီးမှုမှာ ဧပြီလ ပထမ ၂ ပတ်ကာလ အတွင်း ၃၈.၅၅ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ရိတ်သိမ်းချိန်တွင် ၄၀.၁၅ ရာခိုင်နှုန်း ပြီးစီးခဲ့သည်။ အီသနောထုတ်လုပ်ရန်အတွက် ရိတ်သိမ်းပြီးစီးမှုသည် ၆၁.၄၅ ရာခိုင်နှုန်းရှိပြီး ယခင်ရိတ်သိမ်း ချိန်တွင် ၅၉.၈၅ ရာခိုင်နှုန်း ပြီးစီးခဲ့သည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်နိုင်ငံ

သတင်းရင်းမြစ် – canalrural.com.br

Loading