ပြည်ပသတင်းများ

ဩစတြေးလျ စပျစ်သီးတင်သွင်းမှုများ တရုတ်ကုန်စည် ရှင်းလင်းမှုလုပ်ငန်းစဉ် နှောင့်နှေးမှုများကြောင့် အခက်အခဲ များဖြစ်ပေါ်

အနောက်ဩစတြေးလျရှိ စားစပျစ် (Table Grapes) အကြီးဆုံးစိုက်ပျိုး ထုတ်လုပ်သူ က တရုတ်နိုင်ငံ၊ အကောက်ခွန်၏ ကုန်ပစ္စည်းရှင်းလင်းမှု လုပ်ငန်းစဉ်နှောင့်နှေးမှုများကြောင့် နိုင်ငံတစ်ဝှမ်းရှိ စပျစ်စိုက်ပျိုးထုတ်လုပ်သူများမှာ ဆိုးရွားသော အကျိုးဆက်များခံစားရနိုင်ကြောင်း သတိပေးပြောကြားထားပါသည်။

တရုတ်နိုင်ငံရှိဆိပ်ကမ်းများတွင် စပျစ်သီးတင်ဆောင်လာသည့် သင်္ဘောကွန်တိန်နာ များကို (၁၄) ရက်ကြာ ထိန်းသိမ်းထားပြီး၊တရုတ်အာဏာပိုင်များက ညစ်ညမ်းဓါတုပစ္စည်း (Contaminant) နှင့် COVID-19 စစ်ဆေးမှုများ ပြုလုပ်ကြလျက်ရှိပါသည်။ တရုတ်နိုင်ငံရှိ စားသုံးသူများက ဩစတြေးလျနိုင်ငံ၏ စားစပျစ်ပို့ကုန် ထက်ဝက်ခန့်ကို ဝယ်ယူလျက်ရှိရာ တစ် နှစ်လျှင် အေဒေါ်လာ ၃၀၀ သန်းခန့်တင်သွင်းလျက်ရှိပြီး၊ ဈေးကွက်တွင် အထူးသဖြင့် အစေ့မပါ သော ကြက်သွေးရောင် စပျစ်သီးက ရေးပန်းစားလျက်ရှိပါသည်။

အနောက် ဩစတြေးလျရှိ စားစပျစ်အကြီးဆုံး စိုက်ပျိုးထုတ်လုပ်သူတစ်ဦးက၄င်း ထုတ်လုပ်မှု၏ ထက်ဝက်ခန့်ကို ပြည်ပသို့ တင်ပို့လျက်ရှိပြီး၊ တရုတ်နိုင်ငံသို့ ၇၀ ခန့်ရောင်းချ လျက်ရှိပါသည်။ တရုတ်နိုင်ငံဆိပ်ကမ်းများတွင် ယခင်က စပျစ်သီးအတွက် အကောက်ခွန် ရှင်လင်းမှုမှာ တစ်ရက်မှ နှစ်ရက်ခန့်အထိ ကြာမြင့်တက်သော်လည်း ယခုအခါ (၁၄) ရက်အထိ အချိန်ယူ စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။ သို့ဖြစ်ရာ တရုတ်နိုင်ငံသို့ တင်ပို့မှုပမာဏကို လျှော့ချ လိုက်ရပြီး၊ လာမည့်နှစ်အတွက်ဈေးကွက် မှာမတည်မငြိမ်ဖြစ်နိုင်ကြောင်း ခန့်မှန်းထား ပါသည်။

ဩစတြေးလျ သစ်သီးများအတွက်တရုတ်နိုင်ငံမှဝယ်လိုအားရှိသော်လည်း တရုတ် စူပါမားကတ်များသည် ဩစတြေးလျကုန်စည်များကို ဝယ်ယူခြင်းမပြုရန် ဖိအားပေးခံရသည့် ကောလဟာလများလည်း ထွက်ပေါ်လျက်ရှိပါသည်။ ကုန်စည်ရှင်းလင်းရာတွင် နှောင့်နှေးမှုများ မှာမြေပြင်တွင် အမှန်တကယ်ဖြစ်ပေါ်လျက်ရှိသော်လည်း တရုတ်နိုင်ငံက တရားဝင်ဆောင်ရွက် နေခြင်းမဟုတ်သည့်အတွက် ဩစတြေးလျလုပ်ငန်းရှင်များအနေဖြင့် အစိုးရကဝင်ရောက်ဖြေ ရှင်းပေးနိုင်ရေးကို တရားဝင်တောင်းဆိုရန် အခက်အခဲများကြုံတွေ့ရလျက်ရှိကြောင်း သိရှိရပါ သည်။

ရှင်စောသု၊ စီးပွားရေးသံမှူး

ကင်ဘာရာမြို့

Loading