ပြည်ပသတင်းများ

ဆန်တင်ပို့မှု ပထမ (၃) လပတ်တွင် ကျဆင်းခဲ့ခြင်း

ယှဉ်ပြိုင်ဘက်များထက် ဈေးနှုန်းမြင့်မားမှုကြောင့် ပထမ(၃) လပတ်တွင် ထိုင်းပြည်ပဆန် တင်ပို့မှုသည် နှစ်အလိုက်တွင် (၂၃%) ကျဆင်းခဲ့ပြီး ဆန်တန်ချိန် (၁.၁၃) သန်းသာ  တင်ပို့ခဲ့ ကြောင်းသိရှိရပါသည်။ ထိုင်းဆန်တင်ပို့သူများအသင်းဉက္ကဌ Charoen Laothammatas ကဇန်န ဝါရီလမှ မတ်လအထိ ပြည်ပဆန်တင်ပို့မှုသည် ဘတ်ငွေ (၂၁.၈) ဘီလီယံသာရရှိခဲ့ကြောင်း၊ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက (၂၃.၆%) ကျဆင်းသွားခြင်းဖြစ်ကြောင်း ၄င်းက ပြောကြားခဲ့ပါသည်။

ဆန်ဈေးနှုန်းမြင့်တက်ရခြင်း၏ နောက်ကွယ်တွင် ဘတ်ငွေတန်ဖိုးမြင့်တက်မှု၊ မြင့် မားသောပို့ဆောင်ခနှင့် (၂)နှစ်ဆက်တိုက်မိုးခေါင်မှုကြောင့် ကျဆင်းနေသော ပြည်တွင်း ထောက်ပံ့ဖြည့်ဆည်းနိုင်မှု (Domestic Supply)တို့ကြောင့် ဖြစ်ကြောင်းသိရှိရပါသည်။ ပါကစ္စ တန်၊ ကမ္ဘောဒီးယားစသည့်နိုင်ငံများနှင့် ဆန်တင်ပို့မှုနှင့်ပတ်သက်၍ သဘောတူညီချက်များ ရှိသောတရုတ်နိုင်ငံအနေဖြင့် အဆိုပါ နိုင်ငံများမှဆန်များကို ပိုမိုဝယ်ယူခဲ့ကြောင်းသိရှိရပါသည်။

၂၀၂၁ခုနှစ် မတ်လတွင် ထိုင်းနိုင်ငံအနေဖြင့် ဆန်ဖြူ(white Rice)အား တန်ချိန်(၈၇,၃၀၅)

တန်တင်ပို့ခဲ့ပြီး ၄င်းမှာဖေဖေါ်ဝါရီလကထက် (၄၉.၂%) ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း၊ ကင်မရွန်း၊

ဂျပန်၊မိုဇန်ဘစ်၊ ဂီနီ၊ မလေးရှားစသည့်၎င်း၏ အဓိကပြည်ပဈေးကွက်နိုင်ငံများသို့ တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရပါသည်။ ပေါင်းဆန် (Parboiled Rice)ပြည်ပတင်ပို့မှုမှာ ဖေဖေါ်ဝါရီလထက် (၂၂.၃%) ကျဆင်းခဲ့ပြီး တန်ချိန် (၆၀,၈၀၃) တန်တင်ပို့နိုင်ခဲ့ကြောင်းသိရှိရပါသည်။ ထိုင်းနိုင်ငံ၏ ပေါင်းဆန် (Parboiled Rice) တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၅၅၇) ရှိပြီး၊ အိန္ဒိယနိုင်ငံ၏ ပေါင်းဆန် (Parboiled Rice) မှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၈၃-၃၈၇) ရှိကြောင်း၊ ပါကစ္စတန်နိုင်ငံ၏ ပေါင်းဆန်(Parboiled Rice)မှာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ (၄၅၇-၆၆၁) ရှိကြောင်းသိရှိရပါသည်။

ထိုင်းဟုမ်းမလိဆန်(Thai Hom Mali Rice) ပြည်ပတင်ပို့မှုမှာ ဖေဖေါ်ဝါရီလကထက် (၉.၆%)ကျဆင်းခဲ့ပြီး တန်ချိန်(၉၀,၅၀၈)တန်တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။ အဓိက ဆန် ဈေးကွက်များမှာ အမေရိကန်၊ ဟောင်ကောင်၊ တရုတ်နှင့် ကနေဒါနိုင်ငံများဖြစ်ကြောင်း သိရှိရ ပါသည်။

စုစုပေါင်းအားဖြင့် မတ်လတွင်ဆန်တင်ပို့မှုမှာ (၂၅.၈%) ကျဆင်းခဲ့ပြီး တန်ချိန် (၃၀၂,၆၆၈) တန်တင်ပို့ခဲ့ကြောင်း၊ ဆန်တင်ပို့မှု အနေဖြင့် ယမန်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက တန်ဖိုးအားဖြင့် (၁၈.၈%) ကျဆင်းခဲ့ပြီး ဘတ်ငွေ(၆.၂၆)ဘီလီယံရရှိခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ဈေးအနိမ့်ဆုံးဖြင့်ရောင်းချသည့်အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်တို့ပြီးပါက တတိယအဆင့် ကမ္ဘာ့အကြီးမားဆုံးဆန်တင်ပို့သည့် နိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။ Mr.Charoen က ဧပြီလတွင် ဆန်တန်ချိန်(၂) သန်းနီးပါးအထိတင်ပို့သော အိန္ဒိယနိုင်ငံနှင့် နှိုင်း ယှဉ်ပါက ဆန်တန်ချိန် (၄၀၀,၀၀၀) တန်တင်ပို့နိုင်ရန် ထိုင်းဆန်တင်ပို့သူများအနေဖြင့် မျှော်မှန်း ထား ကြောင်းပြောကြားခဲ့ပါသည်။ မိမိတို့အနေဖြင့် တတိယနှင့်စတုတ္ထ(၃) လပတ်များတွင် ဆန်တင်ပို့မှု အလားအလာကောင်းမွန်လာလိမ့်မည်ဟု မျှော်လင့်ထားကြောင်း၊ မိုးရာသီတွင် ဆန်ထောက်ပံ့ဖြည်းဆည်းမှု ပိုမိုကောင်းမွန်လာမည်ဟု မျှော်လင့်ကြောင်း ၄င်းကပြောကြားခဲ့ပါ သည်။ အကယ်၍ ပြည်တွင်း ထုတ်လုပ်မှုတိုးတက်လာပါက ပြည်တွင်းဆန်ဈေးနှုန်းမှာ ကျဆင်း လာလိမ့်မည်ဖြစ်ကြောင်း၊ ၄င်းက ထိုင်းနိုင်ငံကို အိန္ဒိယနိုင်ငံနှင့် ပိုမို၍ ယှဉ်ပြိုင်လာစေနိုင်မှာဖြစ် ကြောင်း သိရှိရပါသည်။ ဆန်ဖြူစပါး(White Rice Paddy) အနေဖြင့် ယခုအခါ တစ်တန်လျှင် ဘတ်ငွေ (၉,၀၀၀) ကျော်ဈေးရှိကြောင်း၊ ယခုနှစ်အတွက် ထိုင်းနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန် တန်ချိန် (၆) သန်း တင်ပို့ ရန် မျှော်မှန်းထားရှိကြောင်းသိရှိရပါသည်။

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး

ဗန်ကောက်မြို့

Loading