ပြည်ပသတင်းများ

ဂျာမနီနိုင်ငံရှိ ကုန်စည်ပြပွဲများ

ဂျာမနီနိုင်ငံသည် နိုင်ငံတကာ ကုန်စည်ပြပွဲများကျင်းပရာ အချက်အခြာနေရာဒေသ တစ်ခု  ဖြစ်သည်နှင့်အညီ နှစ်စဉ်ကဏ္ဍအလိုက်ကုန်စည်ပြပွဲများကို ပုံမှန်သတ်မှတ်ချိန်များ အတိုင်းကျင်းပလေ့ရှိပါသည်။ စိုက်ပျိုးရေး၊ အစားအစာနှင့် အဖျော်ယမကာဆိုင်ရာပြပွဲများ၊ လူသုံးအိမ်သုံး ပစ္စည်းများပြပွဲ၊ ကျန်းမာရေးဆေးဝါးနှင့် တီထွင်ဆန်းသစ်မှုပြပွဲများ၊ အိုင်တီနည်း ပညာ၊ စွမ်းအင်နှင့် စက်မှုလုပ်ငန်းများပြပွဲ၊ ခရီးသွားလုပ်ငန်းပြပွဲစသည်ဖြင့် ကမ္ဘာ့နိုင်ငံအများ အပြားမှ ကုမ္ပဏီများလာရောက်ခင်းကျင်းပြသကြပြီး ဆွေးနွေးပွဲများ၊ ဖက်ရှင်ပွဲများ၊ Business Matching များကျင်းပကာ အမှာစာမှာယူခြင်း၊ စာချုပ်ချုပ်ဆိုခြင်းတို့ပြုလုပ်ကြပါသည်။  ကိုရိုနာ ဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် ပြပွဲများကို ဒစ်ဂျစ်တယ်ပြပွဲများပုံစံဖြင့် ခင်းကျင်းပြသ လာကြပါသည်။

စိုက်ပျိုးရေးထွက်ကုန်၊အစားအစာနှင့် အဖျော်ယမကာဆိုင်ရာပြပွဲများ

(က) International Green Week ကုန်စည်ပြပွဲ

Green Week ကုန်စည်ပြပွဲသည် ၁၉၂၆ ခုနှစ်ကတည်းကပင် ဘာလင်မြို့တွင် ကျင်းပ လာခဲ့ပြီး ကမ္ဘာ့အကြီးဆုံးအစားအစာ၊ စိုက်ပျိုးရေးနှင့်ဥယျာဉ်ခြံထွက်ကုန်များဆိုင်ရာ နိုင်ငံ တကာ ကုန်စည်ပြပွဲတစ်ခုဖြစ်သကဲ့သို့ အစားအစာနှင့် စိုက်ပျိုးရေးကဏ္ဍများဆိုင်ရာ ကမ္ဘာ့ဖိုရမ် ကြီး (Global Forum for Food and Agriculture-GFFA) ကျင်းပရာ မူလအစအခြေပြုခဲ့ သည့်ပြပွဲ တစ်ခုလည်းဖြစ်သည်။ ပြပွဲဧရိယာ ၁၂၅၀၀၀စတုရန်းမီတာရှိပြီး Messe Berlin GmbH က စီစဉ်ကျင်းပပါသည်။ နှစ်စဉ်ကမ္ဘာတစ်ဝှန်းမှ အစားအသောက် နှင့်အဖျော်ယမကာများ၊ အသားနှင့်အသားထွက်ပစ္စည်းများ၊ ပင်လယ်စာများ၊ ဆေးဘက်ဝင်နှင့် ဟင်းခတ်အမွှေးအကြိုင် များ၊ စိုက်ပျိုးရေးနှင့် ဥယျာဉ်ခြံသုံးစက်ကိရိယာများ၊ မျိုးစေ့များ၊ အိမ်သုံးမီးဖိုဆောင်သုံး တန်ဆာ ပလာများစသည်ဖြင့် အမျိုးအမယ်စုံစွာ ထုတ်ကုန်အမျိုးပေါင်း တစ်သိန်းကျော်ပါဝင်၍လာ ရောက်ပြသသည့် ကုမ္ပဏီပေါင်း (၁၈၀၀) ကျော်ဖြင့် စည်ကားစွာပြသသော ပြပွဲတစ်ခုဖြစ်သည်။ ထို့အတူ နည်းပညာဟောပြောပွဲများ၊ စားသောက်ကုန်လုပ်ငန်းကိုယ်စားလှယ်များ၊ လက်လီ လက်ကားရောင်းဝယ်သူများ၊ ကျွမ်းကျင်ပညာရှင်များ၊စိုက်ပျိုးရေး မူဝါဒနှင့်စီမံခန့်ခွဲမှုဆိုင်ရာ ပညာရှင်များ စုဝေးရောက်ရှိဆုံဆည်းရာနေရာတစ်ခုလည်းဖြစ်ပါသည်။

၂၀၂၁ ခုနှစ်အတွက် Green Week ပွဲတော်ကို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကူးစက် ဖြစ်ပွားမှုကြောင့် ကျင်းပနိုင်ခြင်းမရှိဘဲ Industrial Meeting ပုံစံဖြင့် GFFA ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၈ ရက် မှ ၂၂ ရက်နေ့အထိ Virtual Forum အနေဖြင့်ကျင်းပခဲ့ပါသည်။ ၂၀၂၂ ခုနှစ် Green Week ပြပွဲ ကို ဇန်နဝါရီ ၂၁ ရက် မှ ၃၀ ရက်နေ့ အထိကျင်းပရန် စီစဉ်လျာထားပါသည်။ Green Week Berlin ကုန်စည်ပြပွဲသို့ နှစ်စဉ်မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို ဘိတ်ကြားလေ့ရှိပါသည်။

 https://www.gruenewoche.de/en/

(ခ) ISM ကိတ်နှင့်မုန့်မျိုးစုံပြပွဲ(world’s leading trade fair for confectionery and snacks)

နှစ်စဉ်ဇန်နဝါရီလကုန်ပိုင်း၌ ကျင်းပလေ့ရှိသော ကမ္ဘာ့ထိပ်တန်း ကိတ်နှင့်မုန့်မျိုးစုံပြပွဲ  ဖြစ်ပြီး ကိုလုံးမြို့(Cologne) တွင် တည်ရှိကာ ပြပွဲဧရိယာ ၁၂၀၀၀၀ စတုရန်းမီတာ ကျယ်ဝန်းပါ သည်။ ISM Cologne ကို နိုင်ငံတစ်ကာပြပွဲထောက်ပံ့ဆောင်ရွက်ပေးသည့် ProSweets Cologne နှင့်ပူးပေါင်း၍ကျင်းပပါသည်။ ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ၂၀၂၂ ခုနှစ်အတွက် ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၂ ရက် နေ့အထိပြပွဲကျင်းပရန် စီစဉ်ထားရှိပြီး လုပ်ငန်းများအကြားဆက်သွယ်ဆောင်ရွက်မှု၊ တီထွင် ဆန်းသစ်မှုနှင့် အတွေ့ အကြုံဖလှယ်မှုများပြန်လည် စတင်နိုင်ရန်မျှော်လင့်လျှက်ရှိကြပါသည်။ https://www.ism-cologne.com/

(ဂ) Fruit Logistica ပြပွဲ(world’s leading trade fair for Fresh Fruit and Vegetable business)

Fruit Logistica လတ်ဆတ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ပြပွဲကို  နှစ်စဉ် ဖေဖေါ်ဝါရီ လဆန်းပိုင်းတွင် Messe Berlin မှ ဦးဆောင်၍ ဘာလင်မြို့တွင် ကျင်းပလေ့ရှိပြီး နှစ်စဉ်လာရောက် ပြသသည့် ကုမ္ပဏီပေါင်း (၃၀၀၀)ကျော်နှင့် ကြည့်ရှုသူပေါင်း (၇၈၀၀၀) ခန့်  ရှိသည်။ လတ်ဆတ်သီးနှံများအပြင် အစေ့အဆံများ၊ ပြုပြင်အခြောက်ခံသစ်သီးများ၊ ပန်းများ၊ အေးခဲသီးနှံများနှင့် အော်ဂဲနစ်ထုတ်ကုန်များကိုလည်း တွေ့မြင်နိုင်သည်။ ယခုနှစ်တွင် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ၂၀၂၂ ခုနှစ်အတွက် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားရှိပြီး ပြပွဲအတွက် Registration ကို ၂၀၂၁ ခုနှစ် ဇွန်လမှ စတင်၍ ပြုလုပ်နိုင် ပါသည်။

 https://www.fruitlogistica.com/

(ဃ) BIOFACH အော်ဂဲနစ်ထုတ်ကုန်ပြပွဲ(world’s leading trade show for organic food and non-food products)

၁၉၉၀ခုနှစ်မှစတင်၍ နှစ်စဉ် ဖေဖော်ဝါရီလအတွင်း နူရင်ဘတ်မြို့တွင် ကျင်းပသော ကမ္ဘာ့ထိပ်တန်း အော်ဂဲနစ်ထုတ်ကုန်ပြပွဲကြီးဖြစ်ပြီး နိုင်ငံအနှံ့အပြားမှ အော်ဂဲနစ်ထုတ်ကုန်များ စုဝေးရာ နေရာတစ်ခုဖြစ်သည်။ Nuremberg Messe မှ ကြီးမှူး၍ Vivaness (Cosmetic Show) နှင့်အတူ ပူးတွဲကျင်းပလေ့ရှိပြီး နိုင်ငံများစွာမှ အော်ဂဲနစ်ထုတ်ကုန်များ ထုတ်လုပ်သူ၊ ပြသသူ၊ လာရောက်ကြည့်ရှုသူများတွေ့ဆုံ၍ ဆွေးနွေးဖလှယ်မှုများ ပြုလုပ်ကြသောနေရာလည်းဖြစ် သည်။ ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် Digital Event အဖြစ်ပြောင်းလဲ ကျင်းပခဲ့ရာ ကုမ္ပဏီပေါင်း (၁၃၅၆) ခုမှ လာရောက်ပြသခဲ့ကြပြီး Digital Platform တွင်လာ ရောက်ပြသ၊ ကြည့်ရှုသူများတွေ့ဆုံဆွေးနွေးခြင်း၊ product presentation များပြုလုပ်ခြင်း၊ webinar အစီအစဉ်များကျင်းပခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ယခုနှစ် Digital Event တွင် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၏ Digital Profileကို မြန်မာအော်ဂဲနစ် ထုတ်ကုန်များ၏ Profile များ၊ ဓာတ်ပုံနှင့်ဗီဒီယို များပါဝင်၍ပြသခဲ့ပါသည်။ ၂၀၂၂ ခုနှစ်အတွက် ဖေဖော်ဝါရီလ ၁၅ ရက် နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားရှိပြီး ပြပွဲအတွက် application form များနှင့် update အချက်အလက်များကို ၂၀၂၁ ခုနှစ်မေလအတွင်း ဝက်ဘ်ဆိုက် (https://www. biofach. de/en) တွင် ရယူနိုင်ပါသည်။

(င) Internorga ပြပွဲ (Europe’s leading trade show for the entire out-of-home market)

နှစ်စဉ် မတ်လတွင် Hamburg Messe နှင့် Congress GmbH မှ ကြီးမှူး၍ ဟမ်းဘတ် မြို့တွင် ကျင်းပသောဟိုတယ်၊ စားသောက်ဆိုင်များ၊ ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းများ၏ ဝန်ဆောင် မှုပိုင်းဆိုင်ရာပြပွဲတစ်ခုဖြစ်သည်။ နှစ်ပေါင်း (၁၀၀) ခန့်ကပင် ကျင်းပခဲ့သော ပြပွဲဖြစ်ပြီး ယခုနှစ် တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် မတ်လ ၁၂ ရက်မှ၁၆ ရက်အထိ ကျင်းပရန် စီစဉ် ထားမှုအား ဖျက်သိမ်းခဲ့ပြီး ဒစ်ဂျစ်တယ်ပြပွဲအဖြစ် ကျင်းပနိုင်ရေးလေ့လာဆန်းစစ်မှုများ ပြုလုပ် လျှက်ရှိသည်။

https://www.internorga.com/news-details

(စ) Gastro Vision (Event for decision makers from the hotel, gastronomy and catering industries)

Gastro Vision သည် ၁၉၉၉ ခုနှစ်မှ စတင်၍ ဟမ်းဘတ်မြို့တွင် စတင်ပြုလုပ်ခဲ့သော ဟိုတယ်၊ ချက်ပြုတ်နည်းအတတ်ပညာနှင့် အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများမှ ကျွမ်းကျင်ပညာရှင်များ၊ အဆုံးအဖြတ်ပေးနိုင်သူများတက်ရောက်စုဝေး၍ ကဏ္ဍအတွက် အလား အလာများနှင့် တီထွင်ဆန်းသစ်မှုများအပေါ် ဆွေးနွေးမှုများပြုလုပ်ကြပြီး နှစ်စဉ် တီထွင်ဆန်း သစ်မှုဆိုင်ရာ ဆုချီးမြှင့်ခြင်းများ ပြုလုပ်ကြသည့်ပွဲတစ်ခုဖြစ်သည်။ ထို့ပြင် နှစ်စဉ်အောက်တို ဘာလတွင် ပြပွဲပြသသူများ စုပေါင်း၍ Road show ပုံစံ ဖြင့်ပြသခြင်း၊ Gastro Vision Kitchen Club မှ စားဖိုမှူးများအကြား ဆွေးနွေးဖလှယ်ခြင်း အစီအစဉ်များကျင်းပခြင်းတို့ ဆောင်ရွက်ကြ သည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၂၁ ခုနှစ် မတ်လတွင် ကျင်းပနိုင်ခြင်း မရှိခဲ့ သော်လည်း Gastro Vision Road show ကို စက်တင်ဘာ၊အောက်တိုဘာလများအတွင်း ဟမ်းဘတ်၊ ဘာလင်၊ ကိုလုံးမြို့တို့တွင် တစ်ရက်စီနှင့် ဖရန့်ဖတ်နှင့်မြူးနစ်မြို့တို့တွင် နှစ်ရက်စီ ကျင်းပသွားရန် စီစဉ်လျှက်ရှိပါသည်။ ၂၀၂၂ ခုနှစ်အတွက် Gastro Vision ကို ဖေဖော်ဝါရီလတွင် စတုဂတ်မြို့တွင်ကျင်းပမည့် Intergastra ဟိုတယ်၊ စားသောက်ဆိုင်နှင့် အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများပြပွဲနှင့် ပြိုင်တူကျင်းပမည်ဖြစ်ပြီး မတ်လတွင်ပုံမှန်ကျင်းပလေ့ရှိသည့် ဟမ်းဘတ်မြို့ Empire Riverside ဟိုတယ်တွင် ကျင်းပရန် စီစဉ်ထားရှိသည်။ Gastro Vision ကို ဂျာမန်လူမျိုး Mr.Klaus Klische က တည်ထောင်ခဲ့ပြီး လက်ရှိတွင် Gastro Vision ၏ organizer လည်းဖြစ်ကာ Fresh Factory တစ်ခုကို ဦးဆောင်လုပ်ကိုင်နေသူဖြစ်သည်။

www.gastro-vision.com

(ဆ)  Pro Wein ဝိုင်နှင့်အရက်ပြပွဲ (World’s No.1 International Trade Fair for wines and spirits)

ကမ္ဘာ့ထိပ်တန်းဝင် Pro Wein ဝိုင်နှင့် အရက်ပြပွဲကို Messe Düsseldorf မှ ဦးဆောင် ၍ နှစ်စဉ်မတ်လတွင် Düsseldorf မြို့၌ကျင်းပလေ့ရှိပြီး စိုက်ပျိုးထုတ်လုပ်ခြင်း၊ ချက်ပြုတ်နည်း ပညာပိုင်းနှင့် ကုန်သွယ်မှုပိုင်းဆိုင်ရာများအတွက် ကျွမ်းကျင်ပညာရှင်များတွေ့ဆုံ ဆွေးနွေးခြင်း ပြုကြသည်။ ၂၀၂၁ ခုနှစ်အတွက် မတ်လ ၁၉ ရက်မှ၂၃ ရက် ထိ ကျင်းပရန်စီစဉ်ထားမှုကို ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။ ၂၀၂၂ ခုနှစ်အတွက် မတ်လ ၂၇ ရက်မှ ၂၉ ရက် ထိကျင်းပရန် စီစဉ်ထားရှိပြီး online registration ပြုလုပ်နိုင်ပြီဖြစ်ပါသည်။ https://www.prowein.de/

(ဇ) Interzoo ပြပွဲ (the world´s leading trade fair for the pet industry)

ဂျာမနီနိုင်ငံတွင် အိမ်မွေးတိရစ္ဆာန်မွေးမြူသူများပြားပြီး Interzoo pet food and supplies ပြပွဲကို ၂ နှစ်တစ်ကြိမ်နူရင်ဘတ်မြို့တွင် ကျင်းပလေ့ရှိသည်။ နိုင်ငံပေါင်း(၆၀) ကျော်မှ ထုတ်လုပ်သူ၊ လက်ကားရောင်းဝယ်သူ၊ ဝန်ဆောင်မှုပေးသူများက အိမ်မွေးတိရစ္ဆာန်များအတွက် ထုတ်ကုန်များနှင့် ဆန်းသစ်တီထွင်မှုများကိုပြသကြသည်။ နောက်ဆုံးပေါ် pet food များ၊ လေ့ကျင့်မှုအထောက် အကူပြုပစ္စည်းများ၊ ခြေလေးချောင်းအိမ်မွေးတိရစ္ဆာန်များ၊ ငှက်များ၊ အလှ မွေးငါးများ စသည်တို့ အတွက်အသုံးအဆောင်ပစ္စည်းများ ဆိုင်ရာစျေးကွက်ကို တစ်နေတည်း တွင် လေ့လာကြည့်ရှုနိုင်သည်။ ၂၀၂၁ ခုနှစ်အတွက် Interzoo Digital ပြပွဲကို ဇွန်လ ၁ ရက်နေ့မှ ၄ ရက်နေ့ထိကျင်းပသွား မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွက် မေလ ၂၄ ရက်မှ ၂၇ ရက် ထိ ကျင်းပရန် စီစဉ်ထားရှိပါသည်။

  https://www.interzoo.com/en

(ဈ) Anuga – Food and Beverage ပြပွဲ (leading food fair for retail trade, food service and catering market)

Anuga-Food and Beverage ပြပွဲသည် ၁၉၁၉ ခုနှစ်ကတည်းကပင် စတုဂတ်မြို့တွင် စတင် ကျင်းပခဲ့သောပြပွဲဖြစ်သည်။ ၁၉၂၄ ခုနှစ်မှစ၍ ကိုလုံး(Cologne) မြို့တွင် ကျင်းပခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် နှစ်(၁၀၀) ပြည့်ပွဲကို ကျင်းပခဲ့သည်။ ပြပွဲကို ၂ နှစ်တစ်ကြိမ် ကိုလုံးမြို့တွင် ကျင်းပလေ့ရှိပြီး ပြပွဲပြသသူ (၇၅၉၀) ဦးနှင့် လာရောက်ကြည့်ရှုသူ (၁၇၀၀၀၀) ဦးခန့်ရှိပါသည်။ ပြပွဲကာလအတွင်း trade shows (၁၀)ခု၊ trend themes (၁၁)ခုနှင့် ဆွေးနွေးပွဲများစွာ ပြုလုပ် ကြပါသည်။ ယခုနှစ် အတွက်အောက်တိုဘာလ၉ရက်နေ့မှ ၁၃ ရက်နေ့ထိကျင်းပရန် စီစဉ်ထား ရှိပြီး ၂၀၂၂ ခုနှစ် အတွက်ဧပြီလ ၂၆ ရက်မှ ၂၉ ရက်ထိ ကျင်းပရန်စီစဉ်ထားရှိပါသည်။ https://www.anuga.com/fair/anuga/

(ည) COTECA ပြပွဲ (Coffee, Tea, Cocoa Global Industry Expo)

COTECA ပြပွဲကို ၂ နှစ်တစ်ကြိမ် ဟမ်းဘတ်မြို့တွင် Hamburg Messe မှ ကြီးမှူး၍ German Coffee Association, German Tea Association, German Cocoa trade Association တို့၏ ပံ့ပိုးမှုဖြင့်ကျင်းပလေ့ရှိပါသည်။ Coffee, Tea, Cocoa တို့၏ ထုတ်ကုန်၊ နည်းပညာနှင့် ဝန်ဆောင်မှုများစျေးကွက်မြှင့်တင်ခြင်း၊ Business Forum နှင့် Conference များကျင်းပ၍ ကျွမ်းကျင်သူများနှင့် ကုမ္ပဏီများ၊ အသင်းအဖွဲ့များတွေ့ဆုံဆွေးနွေးဖလှယ်ခြင်း များ ပြုလုပ်ကြသည့် နေရာတစ်ခုဖြစ်ပါသည်။ ၂၀၂၂ခုနှစ် COTECA ပြပွဲ ရက်ကို သတ်မှတ်ထား ခြင်းမရှိသေးပေ။

https://www.ntradeshows.com/coteca/

လူသုံးအိမ်သုံးပစ္စည်းများ ပြပွဲ

(က) Ambiente ကုန်စည်ပြပွဲ

Ambiente ကုန်စည်ပြိုင်ပြသည် ဂျာမနီနိုင်ငံဖရန့်ဖတ်မြို့တွင် နှစ်စဉ် ဖေဖော်ဝါရီလ တိုင်း Messe Frankfurt GmbH က စီစဉ်ကျင်းပသည့် လူ့အသုံးအဆောင် ပစ္စည်းအမျိုးမျိုး (Household Goods, Glasswares, Glasswares, Ceramics) ပြသသည့် ကမ္ဘာ့ထိပ်တန်း စာရင်းဝင် ကုန်စည်ပြပွဲကြီးဖြစ်သည်။  Ambiente ပြပွဲသည် နှစ်စဉ်နိုင်ငံတကာမှ လူသုံးအိမ်သုံး ကုန်ပစ္စည်းအမျိုးမျိုး ပြသသူများနှင့် လာရောက်လေ့လာသူများတွေ့ဆုံရာ ခေတ်မီပြပွဲစင်တာ ကြီး တစ်ခုဖြစ်ပြီး  နိုင်ငံပေါင်းစုံမှ ပြခန်းများကို အိမ်တွင်းအလှဆင်ဒီဇိုင်းပုံစံများ၊ ပရိဘောဂ အသုံးအဆောင်များနှင့် အလှဆင်မွမ်းမံပြုပြင်ခြင်းများ ပါဝင်သည့်အပိုင်း (Living)၊ လက်ဆောင် ပစ္စည်းအမျိုးမျိုးနှင့် အသုံးအဆောင်ပစ္စည်း များပါဝင်သည့်အပိုင်း(Giving)၊ အိမ်အသုံးအဆောင် နှင့်မီးဖိုဆောင်သုံးပစ္စည်းများစုစည်းရာ အပိုင်း (Dining) ဟူ၍ ခွဲခြားသတ်မှတ်ပြီး ခင်းကျင်းပြသ ခြင်းဖြစ်သည်။  ၂၀၂၀ ခုနှစ်တွင် နိုင်ငံပေါင်း (၉၀) ကျော်မှ ပြပွဲပြသသူပေါင်း (၄၆၀၀) ကျော် လာရောက်ပြသခဲ့ကြသည်။ Ambiente ပြပွဲကို ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွား မှုကြောင့် Consumer Goods Digital Day အဖြစ်   Christmas world, Paper world နှင့် Creative world တို့နှင့်အတူ ၂၀၂၁ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ပုံမှန်ခင်း ကျင်းပြသသည့် Ambiente ကုန်စည်ပြပွဲကို ၂၀၂၂ ခုနှစ်  ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၁၅ ရက် နေ့ထိကျင်းပရန်စီစဉ်ထားရှိပါသည်။ https://ambiente.messefrankfurt.com/frankfurt/en.html

(ခ) Tendence- လူသုံး အိမ်သုံး ကုန်ပစ္စည်းများ ပြပွဲ

Tendence- လူသုံးအိမ်သုံးကုန်ပစ္စည်းများပြပွဲကို နှစ်စဉ်ဇူလိုင်လတွင် ဖရန့်ဖတ်မြို့၌ Messe Frankfurt GmbH ကစီစဉ်၍ ပရိဘောဂများ၊ အိမ်တွင်းအလှဆင်လုပ်ငန်းများနှင့် လက်မှု ထည်ပစ္စည်းများ အဓိကပြသပါသည်။ ၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကြောင့်ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။ https://tendence.messefrankfurt.com/frankfurt/en.html

စွမ်းအင်နှင့်စက်မှုနည်းပညာဆိုင်ရာပြပွဲများ

(က) IT-Digital Factory, Industrial Automation ပြပွဲ (The world’s leading trade fair for industrial technology)

HANNOVER MESSE မှ စီစဉ်ကျင်းပသည့် နည်းပညာပိုင်းဆိုင်ရာ ပြပွဲကို နှစ်စဉ် ဧပြီလ တွင် ဟန်နိုဗာမြို့၍ ကျင်းပပါသည်။ စက်မှုနည်းပညာလုပ်ငန်းရပ်အလုံးစုံကိုရပ်များ၊ အိုင်တီ၊ ထုတ်လုပ်ရောင်းချမှု၊ နည်းပညာထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများမှ စွမ်းအင်နှင့် mobility technologies များဆီထိ လေ့လာတွေ့ရှိနိုင်ပါသည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် Digital Edition ပြပွဲအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ဧပြီလ ၁၂ ရက်မှ ၁၆ ရက်နေ့ထိ ကျင်းပခဲ့ပြီး စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာပိုင်းနှင့် အိုင်တီနည်းပညာကုမ္ပဏီများ၏ တီထွင်ဖန်တီးမှု စွမ်းပ ကားကို ပြသခဲ့ကြသည်။ ဂျာမနီနိုင်ငံဝန်ကြီးချုပ် အိန်ဂျလာမာကယ်က ၂၀၂၁ ခုနှစ်အတွက် Partner Country ဖြစ်သည့်အင်ဒိုနီးရှားနိုင်ငံမှ သမ္မတ ဂျိုကိုဝီဒိုဒိုနှင့် ပူးတွဲ၍ ဖွင့်ပွဲအခမ်းအနား ကိုဖွင့်လှစ်ပေးခဲ့သည်။ ကုမ္ပဏီပေါင်း (၁၈၀၀) ကျော်က ထုတ်ကုန်နှင့် တီထွင်ဖန်တီးမှုပေါင်း (၁၀၅၀၀) ကျော်ကို ပြသခဲ့ကြပြီး ပြပွဲကြည့်ရှုသူပေါင်း (၉၀၀၀၀) ကျော်ရှိခဲ့သည်။ ကျွမ်းကျင် ပညာရှင်ပေါင်း (၁၅၀၀) ခန့်က Industry 4.0, digitalization of industrial processes, supply chain management, lightweight construction, hydrogen နှင့် electromobility ခေါင်းစဉ်များဖြင့် panel discussions များပြုလုပ် ဆွေးနွေး ပြောကြားခဲ့ကြသည်။ ပြပွဲကာလ အတွင်း Live ကြည့်ရှုနိုင်ခြင်းမရှိခဲ့သူများ အတွက် ဧပြီလ ၁၉ ရက် နေ့မှ စတင်၍ www.hanno vermesse.com တွင် ပြသခဲ့သည့် ထုတ်ကုန်အကြောင်းအရာများ၊ ဆွေးနွေးပွဲများကို ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။ ၂၀၂၂ ခုနှစ်တွင်  ဧပြီလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့ထိ ကျင်းပရန်စီစဉ်ထားရ ပြီး Partner Country အနေနှင့် ပေါ်တူဂီနိုင်ငံကို ရွေးချယ်ထားပါသည်။ https://www.hannovermesse.de/en/

(ခ) Energy Transition week Berlin

ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ကူးပြောင်းခြင်းအတွက် တီထွင်ဆန်းသစ်မှုများ၊ အတွေ့ အကြုံ ဖလှယ်ခြင်းများနှင့် လေ့ကျင့်စမ်းသပ်မှုများအတွက် ပြခန်းများပြသခြင်း၊ ဆွေးနွေးအဖြေ ရှာခြင်းများပြုလုပ်ကြသည့် သီတင်းပတ်တစ်ခုဖြစ်သည်။ Berlin Energy Week 2021ကို ၂၀၂၁ခုနှစ် မတ်လ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ အွန်လိုင်းမှကျင်းပခဲ့ပြီး Business to Government dialogue များ၊ Start Up လုပ်ငန်းအမည်စာရင်းတင်သွင်းမှုများ၊ Energy Transition Dialogue များစသည်တို့ကိုပြုလုပ်ခဲ့ပါသည်။ Energy Transition Dialogue ကို မတ်လ ၁၆ ရက်မှ ၁၇ ရက်နေ့အထိ ကျင်းပခဲ့ရာ နိုင်ငံပေါင်း (၅၀) မှ စွမ်းအင်ဆိုင်ရာဝန်ကြီးများ တက်ရောက်ပြီး Climate Neutrality သို့ရောက်ရှိရေး ဦးတည်ဆွေးနွေးခဲ့ကြသည်။  ဆွေးနွေး ပွဲများကို ဖက်ဒရယ်နိုင်ငံခြား ရေးရုံးနှင့် ဖက်ဒရယ်စီးပွားရေးရာနှင့်စွမ်းအင်ဝန်ကြီးဌာနတို့က ဦး ဆောင်ကျင်းပပြီး ကျွမ်းကျင်ပညာရှင်အနေဖြင့် German Energy Agency (dena)က ပံ့ပိုးဆောင်ရွက်ပါသည်။

https://www.dena.de/berlin-energy-week-2021/

ဆေးပညာ၊ ဆေးဝါးနှင့်တီထွင်ဆန်းသစ်မှုပြပွဲများ

(က) Medica Trade Show (the world’s largest medical trade fair for medical technology, electromedical equipment, laboratory equipment, diagnostics and pharmaceuticals)

နှစ်စဉ် Düsseldorf မြို့တွင် Messe Düsseldorf မှ စီစဉ်ကျင်းပသော ဆေးဘက် နည်း ပညာ၊ ဓါတ်ခွဲခန်းသုံးကိရိယာများ၊ ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ဆေးဝါးအတတ်ပညာဆိုင်ရာ များပြသသောပြပွဲကြီးဖြစ်သည်။ ဆေးဘက်ဆိုင်ရာထုတ်ကုန်နှင့် နည်းပညာများ ပါဝင်သည့် process chain လုပ်ငန်းတစ်ခုလုံးကို တစ်နေရာတည်းတွင် ကြည့်ရှုလေ့လာနိုင်မည် ဖြစ်ပါ သည်။ ပြပွဲအပြင် Medica ကွန်ဖရင့်နှင့် ဖိုရမ်များကိုလည်း စိတ်ဝင်စားဘွယ် အထူးပြကွက် များနှင့်အတူ ကျင်းပလေ့ရှိပါသည်။ ၂၀၂၁ ခုနှစ်အတွက် နိုဝင်ဘာလ ၁၅ ရက်မှ ၁၈ ရက်နေ့ အထိ ကျင်းပရန် စီစဉ်ထားရှိပါသည်။ Medica ပြပွဲသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များ၊ ပုဂ္ဂလိက ကုမ္ပဏီများလာရောက် လေ့လာဝယ်ယူခြင်းရှိကြကြောင်း သိရှိရပါသည်။ https://www.tradefairdates.com/Medica-M379/Duesseldorf.html

ခရီးသွားလုပ်ငန်းပြပွဲ

(က) ITB Berlin ပြပွဲ ( the leading trade fair for the international tourism industry )

ITB Berlin ပြပွဲကို ခရီးသွားလာခြင်း(Travel)၊ ခရီးသွားလုပ်ငန်း(Tourism)၊ ဧည့်ဝတ် ပြုခြင်း(Hospitality) လုပ်ငန်းကဏ္ဍများအား အတူတကွဆောင်ရွက်ကြစေရန် ရည်ရွယ်၍ ကမ္ဘာတစ်ဝှန်းမှ ခရီးသွားလုပ်ငန်းများ၏ ဗဟိုအချက်အခြာတစ်ခုအနေဖြင့် ၁၉၆၆ခုနှစ်ကတည်း ကပင် ဘာလင်မြို့တွင် Messe Berlin မှ ကြီးမှူး၍ နှစ်စဉ် စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ခုနှစ်တွင် ကျင်းပနိုင်ခြင်း မရှိခဲ့ပါ။ ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်မှ ၁၂ ရက်နေ့ထိ ITB Berlin ၏ ပထမဆုံးအကြိမ်  Virtual Event ကို ကျင်းပ ခဲ့ရာနိုင်ငံပေါင်း (၁၂၀) မှ ပြပွဲပြသသည့် ကုမ္ပဏီပေါင်း (၃၅၁၃) ခု၊ ဝင်ရောက်အသုံးပြု သူပေါင်း (၆၅၇၀၀) ဦးတို့ရှိခဲ့ပြီး ကျွမ်းကျင်သူများ၏ ဆွေးနွေးပွဲများ၊ Business Matching များ၊ Networking ပြုလုပ်ခြင်းများတို့ ဖြင့်အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ Virtual Event တက် ရောက်ခဲ့သူများအနေဖြင့် ပြပွဲအွန်လိုင်း ပလက်ဖောင်းဖြစ်သည့် www.itb-now.com တွင် မေလ ၃၁ ရက်နေ့အထိ ဝင်ရောက် အသုံးပြု၍ ချိတ်ဆက်မှုများပြုလုပ်နိုင်ပြီး၊ တက်ရောက်ခြင်း မရှိခဲ့သူများမှာလည်း လက်မှတ် တစ်စောင်လျှင် (၂၉)ယူရိုဖြင့် ဝင်ရောက်ကြည့်ရှုအသုံးပြုနိုင် မည်ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ် ITB Berlinကို၊ မတ်လ ၉ရက် နေ့မှ ၁၃ ရက်နေ့ထိကျင်းပရန် စီစဉ်ထားရှိပါသည်။

https://www.itb.com/en/itb-berlin-now/

သီတာဝင်းဌေး၊စီးပွားရေးသံမှူး

ဂျာမနီနိုင်ငံ

Loading