ပြည်ပသတင်းများ

အီးယူ၏ Climate Law အပေါ် ဥရောပပါလီမန်အမတ်များ သဘောတူညီမှု ရရှိခဲ့ခြင်း

၂၀၅၀ ပြည့်နှစ်တွင် ဥရောပဒေသအား climate-neutral ဒေသဖြစ်လာစေရေးနှင့် ၂၀၃၀ ပြည့်နှစ်တွင် ဖန်လုံအိမ်အာနိသင်ဓါတ်ငွေ့ထုတ်လွှတ်မှုကို အနည်းဆုံး (၅၅) ရာခိုင်နှုန်းလျှော့ချ ရေးအီးယူ၏ European Green Deal မှ ရည်မှန်းချက်များ ချမှတ်ထားပါသည်။ ၄င်းရည်မှန်း ချက်များကို  တရားဝင်လိုက်နာရမည့် တာဝန်ဝတ္တရားများအဖြစ် ပြဌာန်းနိုင်စေမည့် ဥရောပ ရာသီဥတုဆိုင်ရာ ဥပဒေ (European Climate Law) အပေါ် အီးယူအဖွဲ့ဝင် (၂၇) နိုင်ငံ၏ ဥရောပ ပါလီမန်အမတ်များအကြား သဘောတူညီခဲ့ကြကြောင်းသိရသည်။

ထိုသို့ သဘောတူညီမှုရရှိခဲ့ခြင်းသည် အီးယူအတွက် အထင်ကရအခိုက်အတန့် တစ်ခု ဖြစ်ပြီး၊ climate-neutral ဆိုင်ရာကတိကဝတ်များသည် လာမည့် နှစ်(၃၀) အတွက် အီးယူ၏ မူဝါဒများကို လမ်းညွှန်ပေးမည်ဖြစ်ကြောင်း ဥရောပကော်ရှင်၏ ဒုတိယဥက္ကဌဖြစ်သူ Mr. Frans Timmermans က ၎င်း၏ တွစ်တာစာမျက်နှာ၌ ရေးသားခဲ့သည်။ ၂၀၃၀ ပြည့်နှစ်တွင် ဖန်လုံ အိမ်အာနိသင်ဓါတ်ငွေ့ထုတ်လွှတ်မှုကို (၁၉၉၀) ခုနှစ်အဆင့်ထက် (၅၅) ရာခိုင်နှုန်း လျှော့ချရေး ဥရောပကော်မရှင်၏ ရည်မှန်းချက်ကို European Climate Law တွင် ထည့်သွင်းသွားမည် ဖြစ်သည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က အဆိုပါ သဘောတူညီချက်ကို ကြိုဆိုကြောင်းနှင့် ၂၀၅၀ ပြည့်နှစ်တွင် ဥရောပတိုက်အား climate-neutral ဖြစ်လာစေရေး နိုင်ငံရေးကတိကဝတ်များသည် ယခုအခါ ဥပဒေတစ်ရပ်ဖြစ်လာမည်ဟု ၄င်း၏တွစ်တာ စာမျက် နှာမှတစ်ဆင့် ပြောကြားခဲ့သည်။ ရာသီဥတုဆိုင်ရာဥပဒေ (climate law) သည် အီးယူအား မျိုးဆက်သစ်များအတွက် အစိမ်းရောင်လမ်းကြောင်းတစ်ခုပေါ်သို့ ချထားပေးခြင်းဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။ အီးယူ၏ Climate Law မှ ချမှတ် ထားသည့် ကာဗွန်ဒိုင် အောက်ဆိုဒ်ထုတ်လွှတ်မှု လျှော့ချရေးရည်မှန်းချက် (၅၅) ရာခိုင်နှုန်းမှာ အချို့သော ဥရောပပါ လီမန်အမတ်များက တောင်းဆိုသည့် (၆၀) ရာခိုင်နှုန်းထက် လျော့နည်းသော်လည်း ယခင် ရည်မှန်းချက်ဖြစ်သည့် (၄၀) ရာခိုင်နှုန်းထက်ပိုများကြောင်း သိရသည်။

အဆိုပါ ဥပဒေသစ်သည် အီးယူအား ၂၀၅၀ ပြည့်နှစ်တွင် climate-neutral ဒေသ ဖြစ်လာ စေရေးကတိကဝတ်များကို စည်းနှောင်မှုရှိသည့် တာဝန်ဝတ္တရားများအဖြစ် အသွင်ကူးပြောင်း ခြင်းဖြစ်ကြောင်း၊ အီးယူ၏ ရာသီဥတုဆိုင်ရာကူးပြောင်းမှုအစီအမံအတွက် ဥရောပနိုင်ငံသားများ နှင့်စီးပွားရေးလုပ်ငန်းများက လိုအပ်နေသည့် ဥပဒေကြောင်းအရ သေချာစေမှုနှင့် ကြိုတင် ခန့်မှန်းနိုင်မှုတို့ကို ပေးစွမ်းခြင်းဖြစ်ကြောင်း ဥရောပပါလီမန်၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားပါ သည်။ အီးယူ၏ ယခုသဘောတူညီချက်အား အတည်ပြုချက် ရရှိရန် ဥရောပပါလီမန်အောက်ရှိ သဘာဝပတ်ဝန်းကျင်၊ ပြည်သူ့ကျန်းမာရေးနှင့် အစားအသောက် ဘေးကင်းလုံခြုံရေးကော်မတီ နှင့် အီးယူကောင်စီတို့သို့ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘယ်လဂျီယံနိုင်ငံ

ရင်းမြစ် – (ဘရပ်ဆဲလ်တိုင်းမ်၊ https://www.europarl.europa.eu/)

Loading