ပြည်ပသတင်းများ

အီးယူနှင့် တရုတ် သမိုင်းဝင်ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ သဘောတူညီမှုရရှိ

ဥရောပ၏ ပထဝီဒေသအညွှန်း (Geographical Indications-GIs) ထုတ်ကုန်များအား တရုတ်နိုင်ငံတွင် အကာအကွယ်ပေးရေးနှင့် အပြန်အလှန်မူအားဖြင့် ဥရောပစီးပွားရေးဒေသ၌ တရုတ်နိုင်ငံ၏ထွက်ကုန်များအား အသိအမှတ်ပြုအကာအကွယ်ပေးခြင်းနှင့် စပ်လျဉ်း၍ အီးယူ နှင့် တရုတ်နိုင်ငံတို့အကြား ကူးသန်းရောင်းဝယ်ရေးဆိုင်ရာသဘောတူညီမှု ရရှိခဲ့ကြကြောင်း သိရသည်။  ၁၄-၉-၂၀၂၀ ရက်နေ့တွင် အီးယူဘက်မှ ဥရောပကောင်စီဥက္ကဋ္ဌ Charles Michel၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen နှင့် ဂျာမနီနိုင်ငံ အကြီးအကဲဖြစ်သူ Angela Merkel တို့ ဦးဆောင်တက်ရောက်ခဲ့ပြီး၊ တရုတ်နိုင်ငံဘက်မှ သမ္မတရှီကျင်းဖျင် တက်ရာက်ခဲ့ သည့် virtual summit တွင် ယင်းသဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။

သဘောတူညီချက်အရ အီးယူ၏ GIs ထုတ်ကုန်ပစ္စည်း (၁၀၀) နှင့် တရုတ်နိုင်ငံ၏ GIs ထွက်ကုန် (၁၀၀) တို့ကို အပြန်အလှန်အကာအကွယ်ပေးကြမည်ဖြစ်သည်။ အဆိုပါသဘောတူညီ ချက်အတွက် ညှိနှိုင်းဆွေးနွေးမှုများကို ၂၀၀၆ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး၊ ၁၄ နှစ်ကြာ ပြီးနောက် သမိုင်းဝင်သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း၊ စာရွက်စာတမ်းများကို လက်မှတ် ရေးထိုးပြီးပါက ၂၀၂၁ ခုနှစ်၏ အစောပိုင်းကာလတွင် သဘောတူညီချက် စတင်အသက်ဝင်ရန် မျှော်လင့်ထားပြီး၊ နောက်ထပ် (၄) နှစ်အကြာတွင် နှစ်ဘက်စလုံးမှ GIs ထုတ်ကုန် (၁၇၅) မျိုးကို ထပ်မံတိုးချဲ့ ထည့်သွင်းသွားမည်ဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဥရောပကော်မရှင်၏ စာရင်းဇယားများအရ တရုတ်နိုင်ငံသည် အီးယူ၏ လယ်ယာထွက်ကုန်များတင်ပို့သည့် တတိယအကြီးဆုံးဈေးကွက်ဖြစ်ပြီး၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ ရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ မေလအထိကာလတွင် အီးယူမှ တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့ရောင်းချမှုသည် ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၃၈ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံသည် အီးယူ၏ GIs အကာအကွယ်ပြုထားသည့် ထုတ်ကုန်များတင်ပို့သည့် ဒုတိယမြောက်ဈေးကွက်လည်းဖြစ်ပြီး ဝိုင်များ၊ လယ်ယာထွက်စားသောက်ကုန်များနှင့် အရက်များအပါဝင် တင်ပို့မှုတန်ဖိုး၏ ၉ ရာခိုင်နှုန်း ခန့်ရှိကြောင်းသိရသည်။ ယခုသဘောတူညီချက်ကြောင့် ဥရောပ၏ စားသုံးသူများအနေဖြင့်လည်း တရုတ်နိုင်ငံ၏ အထူးပြုထုတ်လုပ်သည့် စားသောက်ကုန်အစစ်အမှန်များကို စားသုံးနိုင်ကြမည် ဖြစ်သည်။ အီးယူသည် ထုတ်ကုန်အမည်ပေါင်း ၃၃၀၀ ကျော်ကို ပထဝီဒေသအညွှန်းထုတ်ကုန် အဖြစ် မှတ်ပုံတင်ထားပြီး၊ non-EU GIs အရေအတွက် ၁၂၅၀ ဝန်းကျင်ကိုလည်း နှစ်နိုင်ငံသဘော တူညီချက်များမှတစ်ဆင့် အီးယူအတွင်း အကာအကွယ်ပေးထားကြောင်းသိရသည်။

ရင်းမြစ် – (ဥရောပကော်မရှင် နှင့် https://www.telesurenglish.net)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading