ပြည်ပသတင်းများ

ဗြိတိန်နှင့် ဂျပန် ကုန်သွယ်မှုသဘောတူညီချက် ရရှိခဲ့ခြင်း

အီးယူမှဗြိတိန်ခွဲထွက်ပြီးနောက်ပိုင်း ဗြိတိန်နိုင်ငံ၏ပထမဆုံး နှင့် အဓိကသဘောတူညီချက်အဖြစ် ဗြိတိန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား ကုန်သွယ်ရေးသဘောတူညီချက်ရရှိခဲ့ကြောင်း သိရသည်။               ဗြိတိန်၏ ကုန်သွယ်ရေးအတွင်းဝန် Liz Truss နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi Toshimitsu တို့အကြား ၁၁-၉-၂၀၂၀ ရက်နေ့က ဗီဒီယို call ဖြင့်တွေ့ဆုံမှုတွင် ဗြိတိန်-ဂျပန် စီးပွားရေးမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို မူအားဖြင့် သဘောတူညီခဲ့ ကြခြင်းဖြစ်သည်။ ယခုသဘောတူညီချက်သည် ဗြိတိန်ခွဲထွက်မှုအလွန် ပထမဆုံးကုန်သွယ်ရေး သဘောတူညီချက်ဖြစ်သဖြင့် ဗြိတိန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့အတွက် သမိုင်းဝင်အခိုက်အတန့် ဖြစ်ကြောင်း Liz Truss ကပြောကြားခဲ့သည်။

အီးယူ-ဂျပန် ကုန်သွယ်ရေးသဘောတူညီချက်အပေါ်တွင် အခြေခံ၍ ဗြိတိန်-ဂျပန် ကုန်သွယ်မှုသဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများကို ပြီးခဲ့သည့် ဇွန်လကစတင် ခဲ့ခြင်းဖြစ်ပြီး၊ ယခုသဘောတူညီချက်ကြောင့် ဗြိတိန်၏ ဂျပန်နိုင်ငံနှင့် ကုန်သွယ်မှုတွင် စတာလင် ပေါင် ၁၅ ဒသမ ၂ ဘီလီယံခန့်တိုးတက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ သဘောတူညီချက် အရ ဗြိတိန်နိုင်ငံမှ ဂျပန်နိုင်ငံသို့ ဝက်သားနှင့် အမဲသားတင်ပို့မှုအတွက် အခွန်နှုန်းထားများကို လျှော့ချသွားမည်ဖြစ်သည်။ Stilton ဒိန်ခဲကဲ့သို့သော စားသောက်ကုန်ပစ္စည်းများကိုလည်း သက်သာသော အခွန်နှုန်းဖြင့် တင်ပို့နိုင်မည်ဖြစ်သည်။

ဗြိတိန်-ဂျပန် ကုန်သွယ်ရေးသဘောတူညီချက်သည် Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP) တွင် ပူးပေါင်းပါဝင်နိုင်ရေး ဗြိတိန်နိုင်ငံ အတွက် အရေးပါသော ခြေလှမ်းတစ်ရပ်လည်းဖြစ်ကြောင်း၊ ယင်းသဘောတူညီချက်သည် ဗြိတိန် ၏ စီးပွားရေးလုပ်ငန်းများအား အာရှပစိဖိတ်ဒေသသို့ ဝင်ပေါက်တစ်ခုသဖွယ်ဖြစ်နိုင်ပြီး၊ ထုတ်လုပ်မှု ကွင်းဆက် အမျိုးမျိုးကွဲပြားနိုင်စေရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိစေရေးတို့ကို အထောက်အကူပေးနိုင် မည်ဖြစ်ကြောင်း၊ ဗြိတိန်၏ စီးပွားရေးလုပ်ငန်းများအနေဖြင့် ဂျပန်နိုင်ငံသို့ ပို့ကုန်များ၏ ၉၉ ရာခိုင်နှုန်းအပေါ် အခွန်သက်သာခွင့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း၊ ဗြိတိန်အစိုးရ၏ လေ့လာသုံးသပ်ချက်များအရ ဗြိတိန်-ဂျပန် ကုန်သွယ်မှုသဘောတူညီချက်သည် ဗြိတိန်နိုင်ငံ၏ စီးပွားရေးကို မြှင့်တင်ရာတွင် စတာလင်ပေါင် (၁.၅) ဘီလီယံခန့် အကျိုးပြုနိုင်ပြီး၊ လုပ်သားများ၏ လုပ်ခလစာအတွက် ကာလရှည်တွင် စတာလင်ပေါင် (၈၀၀) သန်း ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရင်းမြစ် – (Politico နှင့် https://www.gov.uk )

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading