ပေပုပင်လယ်ကွေ့နှင့် အာဆီယံတို့အကြား သစ်သီးဝလံ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအသစ် ထပ်မံဖွင့်လှစ်
အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ် နိုင်ငံ၊ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့အား ဆက်သွယ်ပေးထားသည့် သစ်သီးဝလံ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ရပ်အား တရားဝင်စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါသည်။
Wanhaiလိုင်း၊ Yang Ming ရေကြောင်းသယ်ယူပို့ဆောင်ရေးနှင့် Maersk လိုင်းတို့ ပူးပေါင်း ပြေးဆွဲသည့် သင်္ဘောလမ်းကြောင်းအား အသုံးပြုထားသည့် ကမ္ဘောဒီးယားနိုင်ငံမှ သစ်သီးဝလံ များ တင်ဆောင်လာသည့် သင်္ဘောမှာ မကြာသေးမီက ချင်းကျိုးဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့သည် ဖြစ်ရာ ပေပုပင်လယ်ကွေ့ဆိပ်ကမ်းနှင့် အာဆီယံနိုင်ငံများအကြား တတိယမြောက် သစ်သီးဝလံ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ဖွင့်လှစ်မှုအဖြစ် မှတ်တမ်းတင်နိုင်ပြီဖြစ်ပါသည်။
၎င်းကုန်သေတ္တာတင်သင်္ဘောမှာ ချင်းကျိုးဆိပ်ကမ်းမှ တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ် ရှိ နင်းဘို၊ ရှန်ဟိုင်း၊ ကမ္ဘောဒီးယားရှိ Sihanoukville နှင့် ထိုင်းနိုင်ငံရှိ ဘန်ကောက်၊ LaemChabang တို့ထံ ဆိုက်ရောက်ခဲ့ကာ ကုန်သေတ္တာသယ်ဆောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
သင်္ဘောတစ်စီးလျှင် ပေ(၂၀) ရှည်လျားသည့် ကုန်သေတ္တာအလုံးရေ (TEU) (၁,၈၀၀) ကို သယ်ဆောင်ပေးနိုင်စွမ်းရှိသော သင်္ဘော (၃) စီးအား ဤလိုင်းအတွက် အသုံးပြုသွားမည်ဖြစ်ကာ၊ အပတ်စဉ်သောကြာနေ့တိုင်း ထွက်ခွာမည်ဖြစ်ပါသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ Sihanoukville မှ သစ်သီးဝလံများအား ကွမ်ရှီး၏ ပေပုပင်လယ် ကွေ့ဆိပ်ကမ်းသို့ (၇) ရက်အတွင်း အရောက်ပို့ဆောင်နိုင်မည်ဖြစ်ကာ၊ ၎င်းနောက် ပင်လယ် ရေကြောင်းနှင့် ရထားလမ်းတို့အား ဆက်သွယ်ထားသည့် ကုန်သေတ္တာတင် ရထားများဖြင့် အာရှ နှင့် ဉရောပနိုင်ငံများ၏ ဈေးကွက်များသို့ ဆက်လက်ရောက်ရှိနိုင်မည်ဖြစ်ပါသည်။
ပေပုပင်လယ်ကွေ့ဆိပ်ကမ်းအုပ်စု အကြီးအကဲ၏ပြောကြားချက်အရ ကွမ်ရှီးနှင့် အာဆီယံ တို့အကြား သစ်သီးဝလံ သယ်ယူပို့ဆောင်မှုလမ်းကြောင်းများမှာ အာဆီယံနိုင်ငံများ၏ စက်မှု ကုန်ထုတ်လုပ်မှုဆိုင်ရာဝယ်လိုအားများနှင့် တရုတ်နှင့်အာဆီယံတို့အကြား နီးကပ်သော ကုန်သွယ် ဆက်ဆံမှု တိုးပွားလာသည်နှင့်အမျှ ပိုမိုလမ်းကြောင်းပွင့်လာကြောင်း၊ ပထမဆုံး သစ်သီးဝလံ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းမှာ ထိုင်းနိုင်ငံနှင့် ဖြစ်ကာ (၂၀၁၇) ခုနှစ်အတွင်း စတင်ဖွင့်လှစ် ခဲ့ကြောင်း သိရပါသည်။
ပေပုပင်လယ်ကွေ့ဆိပ်ကမ်း၏ သစ်သီးဝလံ တင်ပို့တင်သွင်းသည့်လုပ်ငန်းများမှာ (၂၀၁၇) ခုနှစ်မှစ၍ နှစ်စဉ် ပျမ်းမျှ (၁၅၁) ရာခိုင်နှုန်း တိုးတက်လာလျက်ရှိပါသည်။
တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ပင်လယ်ရေကြောင်းပို့ဆောင်မှု နည်းလမ်း ဖြင့် သစ်သီးဝလံတင်ပို့မှုများ များပြားလာသည်ကိုတွေ့ရပါသည်။ မြန်မာနိုင်ငံမှလည်း ကုန်သွယ်မှု အများဆုံးပြုလုပ်သည့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုလမ်းကြောင်းများ ပိုမိုထွက်ပေါ်လာစေရန် အလို့ငှာ ၎င်းလမ်းကြောင်းများဖြင့် ချိတ်ဆက်နိုင်စေရန်ကြိုးစားခြင်း (သို့မဟုတ်) မိမိနိုင်ငံ၏ အစီအစဉ်ဖြင့် တရုတ်နိုင်ငံနှင့် ကုန်တင်သင်္ဘောလိုင်းများ ပုံမှန်ပြေးဆွဲပေးနိုင်ရန် စီစဉ်ခြင်းတို့အား စတင်စီစဉ်ဆောင်ရွက်သင့်ပြီ ဖြစ်ပါသည်။
ရင်းမြစ်၊ en.gxzf.gov.cn (၁၆-၃-၂၀၂၁)
ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး
နန်နင်းမြို့