အမေရိကန်နိုင်ငံနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုင်ရာ စည်းကမ်းချက်များ ဖြေလျှော့
အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အပြည့် အဝထိုးပြီးသူများ (Pfizer (သို့မဟုတ်) Moderna ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးနောက် နှစ်ပတ်ပြည့်ပြီးသူ (သို့မဟုတ်) Johnson & Johnson’s Janssen ကာကွယ်ဆေး တစ်ကြိမ်ထိုးပြီးနောက် နှစ်ပတ်ပြည့်ပြီးသူ)ကို နှာခေါင်းစည်းဝတ်ခြင်း၊ ၆ ပေအကွာနေရန်မလိုပဲ သွားလာနိုင်ပြီဖြစ်ကြောင်း ၁၃-၅-၂၀၂၁ ရက်နေ့တွင် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်တာဆီးရေးဌာန (Centers for Disease Control and Prevention – CDC) က ကြေညာခဲ့ပါသည်။
အဆိုပါလမ်းညွှန်ကြေညာချက်အသစ်အရ အမေရိကန်နိုင်ငံအတွင်း ခရီးသွားလာသည့်အခါ ခရီးမသွားခင် (သို့မဟုတ်) ခရီးသွားပြီးနောက် ဆေးစစ်စရာမလိုအပ်တော့ကြောင်း၊ ခရီးသွားပြီးနောက် သီးသန့်နေရန်လည်း မလိုတော့ကြောင်း၊ သို့သော် ဘတ်စ်ကား၊ လေယာဉ်နှင့် ခရီးသွားသည့်အခါနှင့် ဆေးရုံ၊ ထောင်တွင် တပ်ဆင်ရန်လိုအပ်ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံပြင်ပသို့ ခရီးသွားမည်ဆိုပါက သွားရောက်မည့် နိုင်ငံ/နေရာတွင် ချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ သွားရောက်မည့် နိုင်ငံမှ တောင်းဆိုမှုမရှိပါက ခရီးမသွားမီဆေးစစ်သွားရန် မလိုအပ်တော့ကြောင်း၊ အမေရိကန်နိုင်ငံသို့ လာရောက်မည့် ခရီးသည်များအနေနှင့် ခရီးမသွားခင် ၃ ရက်မှ ၅ ရက်အတွင်းဆေးစစ်ထားသည့် ကိုဗစ်ရောဂါကူးစက်မှုမရှိသည့် အထောက်အထား (Negative Test Result) အား နိုင်ငံတကာလေယာဉ်ပေါ်သို့ မတက်ရောက်မီ ပြသရန်လိုအပ်နေသေးကြောင်း လေ့လာသိရှိရပါသည်။
ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါတိုက်ဖျက်မှုတွင် အမေရိကန်အနေနှင့် ပိုမိုကူညီဆောင်ရွက်လျက်ရှိကြောင်း၊ လာမည့်သီတင်း ၆ ပတ်အတွင်း အခြားနိုင်ငံများသို့ ကာကွယ်ဆေးအလုံးရေ သန်း ၈၀ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ ပထမအကြိမ်အဖြစ် AstraZeneca ဆေး အလုံးရေ သန်း ၆၀ ကို အခြားနိုင်ငံများသို့ စတင်ပို့ဆောင်ရန် စီစဉ်ထားကြောင်း၊ အမေရိကန်ပြည်တွင်းသုံးစွဲရန် ခွင့်ပြုထားသည့် (Pfizer၊ Moderna နှင့် Johnson & Johnson) ကာကွယ်ဆေးများ ပိုလျှံလာသည့်အတွက် လာမည့်ဇွန်လကုန်ပိုင်းတွင် ကမ္ဘာ့နိုင်ငံများသို့ ကာကွယ်ဆေးအလုံးရေ သန်း ၂၀ ထပ်မံဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သမ္မတဘိုင်ဒင်က အိမ်ဖြူတော်တွင် ၁၇-၅-၂၀၂၁ ရက်နေ့တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။
CDC မှ စည်းကမ်းဖြေလျှော့မှုများ ကြေညာခဲ့သော်လည်း ပြည်နယ်များနှင့်ဒေသများမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာရန်လိုအပ်ကြောင်း၊ အဆိုပါကြေညာချက်သည် ကာကွယ်ဆေးအပြည့်အဝထိုးပြီးသူနှင့် မထိုးပီးသူများအကြား ရောထွေးနိုင်သည့် အတွက် ရှင်းလင်းမှုမရှိဟုဝေဖန်မှုများလည်းရှိပါကြောင်း၊ BJ’s Wholesale Club ၊ Costco၊ CVS၊ Publix၊ Sam’s Club၊ Sprouts၊ Starbucks၊ Target၊ Trader Joe’s နှင့် Walmart ဈေးဝယ်နေရာများတွင် နှာခေါင်းစည်းဝတ်ရန်မလိုတော့သော်လည်း Albertsons၊ Apple၊ Home Depot၊ Kroger၊ Macy’s၊ Meijer၊ Walgreensနှင့် Winn-Dixie ဈေးဝယ်နေရာများတွင်မူ နှာခေါင်းစည်းဝတ်ရန် ဆက်လက်၍ စည်းကမ်းသတ်မှတ်ထားပါသည်။
အမေရိကန်နိုင်ငံ CDC ၏ ၁၉-၅-၂-၂၁ ရက်နေ့ ထုတ်ပြန်သည့် အချက်အလက်များအရ အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၃၂,၇၉၅,၇၈၀ ဦး၊ ကာကွယ်ဆေး တစ်ကြိမ်ထိုးပြီးသူ ၆၀.၀ ရာခိုင်နှုန်းနှင့် သေဆုံးသူ ၅၈၃,၅၉၆ ဦး ရှိပြီဖြစ်ပါသည်။
ခင်မြမြထွေး၊ စီးပွားရေးသံမှူး
ဝါရှင်တန်မြို့