ပြည်ပသတင်းများ

အီးယူ၏ ကုန်သွယ်ရေးကော်မရှင်နာ Phil Hogan ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ အကြီးအကဲရာထူး ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ဥရောပကော်မရှင်မှ ထွက်ခွာနိုင်ဖွယ်ရှိခြင်း

အီးယူ၏ ကုန်သွယ်ရေးကော်မရှင်နာအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသူ Mr. Phil Hogan သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ရာထူးနေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်ဖွယ်ရှိနေပြီး၊ ဥရောပကော်မရှင်မှ ထွက်ခွာမည့် အလားအလာရှိနေကြောင်း Politico ၏ အင်တာနက် စာမျက်နှာ၌ ၃၀-၅-၂၀၂၀ နေ့စွဲပါ “Phil Hogan mulls leaving Commission for WTO top job” ခေါင်းစဉ်ဖြင့်ရေးသားဖော်ပြထားပါသည်။

အီးယူ၏ ကုန်သွယ်ရေးကော်မရှင်နာဖြစ်သူ အိုင်ယာလန်နိုင်ငံသား Mr. Phil Hogan အနေဖြင့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက်ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် ရာထူးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန်စဉ်းစားနေသည်ဟု သိရှိရကြောင်း၊ ယခင်က အီးယူ ကုန်သွယ်ရေးကော်မရှင်နာအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ဗြိတိန်နိုင်ငံမှ Mr. Peter Mandelson သည် လည်း အဆိုပါရာထူးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပြောကြားထားကြောင်း၊ စပိန် နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Ms. Arancha Gonzalez နှင့် နယ်သာလန်နိုင်ငံ၊ ကုန်သွယ်ရေး ဝန်ကြီး Ms. Sigrid Kaag တို့ကလည်း ယင်းရာထူးနေရာအတွက် စိတ်ဝင်စားမှုရှိနေကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံအစိုးရနှင့် ထိတွေ့ဆက်ဆံမှုအပိုင်းတွင် အတွေ့အကြုံရှိခြင်းနှင့် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Mr. Robert Lighthizer နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိခြင်းတို့မှာ Mr. Phil Hogan ၏ အဓိကအားသာချက် ဖြစ်လာနိုင်ကြောင်း၊ အဆိုပါရာထူးနေရာ အတွက် အမေရိကန်နိုင်ငံမှ ကိုယ်စားလှယ်လောင်း အဆိုပြုခြင်း ရှိ/မရှိကို ၎င်းအနေဖြင့် အဓိက စောင့်ကြည့်သွားဖွယ်ရှိနေသည်ဟု  Phil Hogan နှင့် နီးစပ်သူများက ပြောကြားကြောင်း၊ ဥရောပ ကော်မရှင်၏ အကြီးတန်းအရာရှိကြီးဖြစ်သူ Mr. Phil Hogan ထွက်ခွာခဲ့ပါက ကော်မရှင်အတွင်း ရာထူးနေရာ အပြောင်းအလဲများပြုလုပ်ရန် လိုအပ်လာနိုင်ပြီး၊ ကုန်သွယ်ရေးကော်မရှင်နာရာထူး အား အိုင်ယာလန်နိုင်ငံထံမှ အီးယူ၏ အခြားနိုင်ငံတစ်နိုင်ငံက လွှဲပြောင်းရယူမည့် အလားအလာ ရှိနိုင်ကြောင်း အဆိုပါ သတင်းဖော်ပြချက်အရ သိရှိရပါသည်။

ရင်းမြစ် – (Politico)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading